Pages

Thursday, January 29, 2015

CAPITAL ONE ဗိုလ်လုပွဲသို့ စပါး တက်ရောက်လာနိုင်သဖြင့် ပိုချက်တီနို ပျော်ရွှင်နေ



ရှက်ဖီး ယူနိုက်တက်ကို သရေကစားပြီး Capital One ဖလားပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်လာနိုင်ခြင်း အတွက် အလွန် ကျေနပ်မိကြောင်း တော့တင်ဟမ် ဟော့စပါး မန်နေဂျာ မော်ရို ပိုချက်တီနိုက ပြောကြားခဲ့သည်။
စပါးသည် အဝေးကွင်းတွင် ရှက်ဖီးကို (၂)ဂိုးစီ သရေကစားပြီးနောက် နှစ်ကျော့ပေါင်းရလဒ် (၃-၂)ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲအဆင့် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ စပါးသည် ဝင်ဘလေ ကွင်းကြီးတွင် လန်ဒန် မြို့ခံပြိုင်ဘက် ချယ်လ်ဆီးနှင့် မတ်လ(၁)ရက်နေ့၌ ဗိုလ်လုပွဲ ကစားရတော့မည် ဖြစ်သည်။ ယခုရာသီမှ စပါးကို စတင် ကိုင်တွယ်ပြီးနောက် (၈)နှစ်အတွင်း အသင်းအတွက် ပထမဆုံး ဗိုလ်လုပွဲတစ်ခု ကစားခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် အာဂျင်တီးနားသား မန်နေဂျာက အလွန် စိတ်လှုပ်ရှားနေမိကြောင်း ဖွင့်ဟခဲ့သည်။
Sky Sportsနှင့် အင်တာဗျူးတွင် ပိုချက်တီနိုက “ကျွန်တော် အရမ်းပျော်တာပေါ့ဗျာ။ ကစားသမားတွေ အတွက်လည်း ကျေနပ်မိတယ်။ သူတို့ဟာ ဗိုလ်လုပွဲမှာ ကစားဖို့ ထိုက်တန်တဲ့ သူတွေပါ။ ပြီးတော့ ပရိသတ်တွေ အတွက်လည်း ပျော်ပါတယ်။ အခုဆို ကျွန်တော်တို့ဟာ ဝင်ဘလေလို ခမ်းနားတဲ့ ကွင်းကြီးထဲမှာ ကစားရတော့မယ်။ ဒီကွင်းကြီးမှာ ဗိုလ်လုပွဲ ကြည့်ခွင့်ရဖို့ စပါးပရိသတ်တွေ ထိုက်တန်ပါတယ်”ဟု ပြောကြားခဲ့သည်။ ၎င်းက ယခုပွဲတွင် အထူးခြေစွမ်းပြခဲ့သည့် ဒိန်းမတ် ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ခ်ဆန်ကိုလည်း ချီးကျူးခဲ့သည်။
“အဲရစ်ခ်ဆန် ဒါမျိုး လုပ်ပြတာ အရင်က ကျွန်တော် ခဏခဏ မတွေ့ခဲ့ဖူးဘူး။ သူက လေ့ကျင့်ရေး ကွင်းမှာတော့ ဂိုးတွေ သွင်းလေ့ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့အတွက် ကျွန်တော်တို့ ပျော်ပါတယ်။ ပြီးတော့ ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့တယ်လို့လည်း ထင်ပါတယ်”ဟု ပိုချက်တီနိုက မှတ်ချက်ပြုသွားသည်။

Soccer Myanmar

No comments:

Post a Comment