Pages

Tuesday, February 10, 2015

မက်ဆီနှင့် မော်ရင်ဟို လက်တွဲပါက မည်သည့်ပြဿနာမှ ရှိလိမ့်မည် မဟုတ်ကြောင်း ဒီမာရီယာ ပြောကြား



မက်ဆီနှင့် မော်ရင်ဟို လက်တွဲပါက မည်သည့်ပြဿနာမှ ရှိလိမ့်မည် မဟုတ်ကြောင်း ဒီမာရီယာ ပြောကြား

ဘာစီလိုနာ ကြယ်ပွင့် လီယွန်နယ်မက်ဆီ အနေဖြင့် ချယ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုနှင့် အတူတကွ အလုပ် လုပ်ရာတွင် မည်သည့်ပြဿနာမှ ဖြစ်ပေါ်လိမ့်မည် မဟုတ်ကြောင်း မန်ချက်စတာယူနိုက်တက် ကွင်းလယ် ကစားသမား အန်ဂယ်ဒီမာရီယာက ပြောကြားလိုက်သည်။

အသက် ၂၇ နှစ်အရွယ် မက်ဆီကို ပြီးခဲ့သည့် လအနည်းငယ်က နူးကမ့်မှ ခေါ်ယူရန် ချိတ်ဆက်မှုများ ပြုလုပ်ခဲ့ကြပြီး ၎င်း၏ အခြေအနေကို စောင့်ကြည့်နေသည့် အသင်းများ၌ ချယ်ဆီး အသင်းလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဒီမာရီယာက မက်ဆီနှင့် မော်ရင်ဟို အနေဖြင့် စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် အတူတကွ အလုပ် လုပ်သည့်အခါ မည်သည့်ပြဿနာမျှ ဖြစ်ပေါ်လိမ့်မည် မဟုတ်ကြောင်း သို့သော်လည်း မက်ဆီအနေဖြင့် လက်ရှိအသင်းတွင်သာ ဆက်နေလိမ့်မည်ဟု မျှော်လင့်ကြောင်း ဆိုခဲ့သည်။

“မက်ဆီနဲ့ မော်ရင်ဟိုနဲ့ တွဲဖက် အလုပ် လုပ်တဲ့အခါမှာ ဘာပြဿနာမှ မရှိနိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ မက်ဆီက ဘာစီလိုနာကနေ ထွက်ခွာချင်တဲ့ ဆန္ဒရှိပုံ မရပါဘူး။ ဒီလို အသင်းမျိုးကနေ ထွက်ခွာဖို့ဆိုတာ အရမ်းကို ခဲယဉ်းပါတယ်” ဟု ဒီမာရီယာက ပြောကြားခဲ့သည်။ ဆက်လက်ပြီး မက်ဆီနှင့် ခရစ္စတီယာနိုတို့သည် လုံးဝကွဲပြားခြားနားသည့် ကစားသမား နှစ်ဦးဖြစ်ကြောင်း မက်ဒရစ် ကွင်းလယ် ကစားသမားဟောင်းက သုံးသပ်ခဲ့သည်။

“ကျွန်တော် အရင်တုန်းက ပြောခဲ့ဖူးတဲ့အတိုင်းပါပဲ။ သူတို့နှစ်ယောက်က လုံးဝကွဲပြားခြားနားတဲ့ ကစားသမားတွေပါ။ လီယိုက ပွဲစဉ်တိုင်းမှာ အနီးဘောနဲ့ ကစားပြီး ပြိုင်ဘက် ကစားသမားတွေကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ လိမ်ခေါက် ကစားလေ့ရှိသူပါ။ ခရစ္စတီယာနိုက ခွန်အားကို သုံးပြီး အဝေးဘောတွေနဲ့ ကစားသူပါ။ သူတို့နှစ်ယောက်ရဲ့ ကစားဟန်က ကွဲပြားပါတယ်။ ကျွန်တော်သာ ဖီဖာကဆိုရင် Ballon d’Or ဆုကို နှစ်ဆုပေးမှာပါ။ တစ်ဆုက သူတို့နှစ်ယောက်အတွက် ဖြစ်ပါတယ်။ ကျန်တစ်ဆုက ကစားသမားတိုင်းအတွက်ပါ” ဟု ဒီမာရီယာက ပြောကြားခဲ့သည်။

မက်ဆီနှင့် ရော်နယ်ဒိုသည် ပြီးခဲ့သည့် ၇ နှစ်အတွင်း Ballon d’Or ဆုကို ရရှိခဲ့ကြသူများ ဖြစ်သည်။ ၎င်းတို့နှစ်ဦး မတိုင်မီ ၂၀၀၇ ခုနှစ်တွင် ကာကာက Ballon d’Or ဆုကို နောက်ဆုံးအနေဖြင့် ရရှိခဲ့သည်။

Soccer Myanmar

No comments:

Post a Comment