စပါးလူငယ် တိုက်စစ်မှူး ကိန်းကို လက်ရွေးစင် အသင်းတွင် နေရာပေးရန် အသင့်ရှိကြောင်း ဟော့ဂ်ဆန် အတည်ပြု
ဟယ်ရီကိန်းသည် အင်္ဂလန် လက်ရွေးစင် အသင်း၏ တိုက်စစ်တွင် ပါဝင်လာလိမ့်မည်ဟု နည်းပြ ရွိုင်ဟော့ဂ်ဆန်က အတည်ပြု ပြောကြားခဲ့သည်။
ကြာသပတေးနေ့က လန်ဒန်ရှိ ၎င်းအနှစ်သက်ဆုံး စားသောက်ဆိုင် တစ်ခု၏ သီးသန့်ခန်း အတွင်းတွင် အင်္ဂလန် လက်ရွေးစင် နည်းပြကြီးက မိမိသည် ကိန်းကို အထူးနှစ်သက် အားရနေကြောင်း Daily Mail သတင်းထောက်ထံ ဝန်ခံ ပြောကြားခဲ့သည်။ တော့တင်ဟမ် ဟော့စပါးအတွက် (၂၃)ဂိုး သွင်းယူပြပြီးနောက် အသက်(၂၁)နှစ်အရွယ် လူငယ်တိုက်စစ်မှူးလေးသည် လက်ရွေးစင် အသင်း၏ အာရုံကို အမှန်တကယ် ဆွဲဆောင်လာနိုင်ပြီ ဖြစ်သည်။ စပါးက အာဆင်နယ်ကို (၂-၁)ဖြင့် အနိုင်ရသည့် လန်ဒန်ဒါဘီပွဲစဉ်ကို ဟော့ဂ်ဆန်က တက်ရောက် ကြည့်ရှုခဲ့ပြီး အဆိုပါပွဲတွင် ကိန်းက အသင်းအတွက် (၂)ဂိုးစလုံးကို သွင်းယူပြခဲ့သည်။
“အင်္ဂလန် အသင်းမှာ ကိန်းအတွက် တစ်နေရာ ထိုက်တန်ပြီလား ဆိုတော့ သေချာတာပေါ့လို့ ဖြေရမယ်။ ကျွန်တော် တာဝန်ယူနေတဲ့ တစ်လျှောက်လုံး အသင်းမှာ လူငယ်တွေ တော်တော်များများကို နေရာပေးလာခဲ့တယ်။ အခုဆို ဆိုင်ဒို ဘီရာဟီနိုလည်း လက်ရွေးစင် အဆင့်မှာ ပါလာပြီ။ ကိန်းဟာ အင်္ဂလန် အသင်းမှာ သေချာပေါက် နေရာတစ်ခု ထိုက်တန်သူပါ။ ဘီရာဟီနိုလည်း အတူတူပါပဲ။ ပြောရမယ်ဆိုရင် ဝိန်းရွန်နီ၊ ဒန်နီဝဲလ်ဘက်နဲ့ ဒန်နီရယ်လ် စတားရစ်ဂ်ျတို့လို ကစားသမားတွေ ရှိနေတဲ့အတွက် ကိန်းဟာ သူ့ရဲ့ အရည်အသွေးကိုတော့ ပြသနေဖို့ လိုပါတယ်။ လောလောဆယ် လက်ရွေးစင် အဆင့်မှာ သူ့ကို မသုံးသေးဘူး ဆိုပေမယ့် သူ့ရဲ့ စွမ်းရည်ကို လေ့လာပြီး ထုတ်သုံးဖို့ ကျွန်တော်က နှောင့်နှေးနေမှာ မဟုတ်ပါဘူး”ဟု ဟော့ဂ်ဆန်က ဆိုသည်။
၎င်းက “လက်ရှိ ပုံစံကောင်း ရနေတဲ့ ဘယ်လို ကစားသမားမျိုးကိုမဆို ကျွန်တော်ကတော့ အသုံးပြုချင်ပါတယ်။ သူဟာ လက်ရှိ အနေအထားအရ အသင်းမှာ ပါဝင်ခွင့် ရထိုက်ပါတယ်။ တင်မ်ရှားဝုဒ်က ပြီးခဲ့တဲ့ ရာသီကုန်မှာ ကိန်းကို စသုံးတယ်။ သူ့ကစားပုံ မဆိုးခဲ့ဘူး။ လက်ရှိ စပါးမန်နေဂျာ မော်ရစ်စီယို ပိုချက်တီနို လက်ထက်မှာတော့ သူ့တိုးတက်မှုတွေအတွက် ကျွန်တော်တို့ ဝမ်းသာပါတယ်။ သူဟာ အရမ်းကြိုးစားပြီး ဒီအတွက် အကျိုးကျေးဇူး ခံစားနေရတယ်လို့ ကျွန်တော် ယူဆပါတယ်”ဟုလည်း ပြောကြားသွားသည်။
Soccer Myanmar
No comments:
Post a Comment