ဗီလာမန်နေဂျာ ရာထူးအတွက် ရှားဝုဒ် အလားအလာကောင်းနေ
အက်စ်တန်ဗီလာ အသင်းသည် မန်နေဂျာသစ် နေရာအတွက် တင်မ်ရှားဝုဒ်ကို ခန့်အပ်ရန် အလားအလာ ကောင်းနေကြောင်း သိရှိရသည်။
ပေါလ်လမ်းဘတ်နှင့် လမ်းခွဲပြီးနောက် အမြဲတမ်း မန်နေဂျာသစ်တစ်ဦး ရှာဖွေနေသည့် ဗီလာသည် တော့တင်ဟမ် ဟော့စပါးကို ကိုင်တွယ်ဖူးသည့် ရှားဝုဒ်နှင့် ဆွေးနွေးမှုများ အဆင်ပြေ တိုးတက်လျက် ရှိသည်။ ဗီလာ၏ အမှုဆောင်ချုပ် တွမ်ဖောက်စ်သည် အသက်(၄၆)နှစ် အရွယ်ရှိ ရှားဝုဒ်နှင့် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး အခြေအနေ ကောင်းနေကြောင်း ဗြိတိန်မီဒီယာများက ဆိုသည်။ ရှားဝုဒ်သည် မေလအတွင်း စပါး၏ ထုတ်ပယ်ခြင်းကို ခံခဲ့ရသည့်နောက် လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေသည်။
ပရီးမီးယားလိဂ် တန်းဆင်းဇုန်မှ လွတ်မြောက်ရေး တိုက်ပွဲဝင်နေရသည့် ဗီလာသည် လမ်းဘတ်နေရာတွင် အစားထိုးမည့် အစီအစဉ်ကို လျင်မြန်စွာ အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည်။ အထူးသဖြင့် အသင်းတွင် ရေရှည် တာဝန်ယူနိုင်မည့် မန်နေဂျာမျိုးကို ဗီလာ ဘုတ်အဖွဲ့က လိုလားနေကြောင်း သိရသည်။ ရှားဝုဒ်သည် ဝက်စ်ဘရွန်းဝစ်ခ်ျနှင့် QPR မန်နေဂျာ ရာထူးများအတွက် နာမည်ထွက်ခဲ့သေးသော်လည်း လက်တွေ့ မဖြစ်မြောက်ခဲ့ဘဲ ဗီလာနှင့်အတူ မန်နေဂျာ လောကထဲ ပြန်ရောက်လာဖွယ် ရှိနေကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Soccer Myanmar
No comments:
Post a Comment