Pages

Friday, March 13, 2015

နွေရာသီတွင် ဆက်ခ်ျ၊ ဆူဘိုတစ်နှင့် ရှနိုက်ဒါလင်တို့ကို ဝင်းဂါး ကမ်းလှမ်းဖွယ်ရှိ



နွေရာသီတွင် ဆက်ခ်ျ၊ ဆူဘိုတစ်နှင့် ရှနိုက်ဒါလင်တို့ကို ဝင်းဂါး ကမ်းလှမ်းဖွယ်ရှိ

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် နွေရာသီ ဈေးကွက်အတွင်း အသင်းကို အင်အားဖြည့်တင်းရန်အတွက် ပီတာဆက်ခ်ျ၊ မော်ဂန်ရှနိုက်ဒါလင်နှင့် နီဗန်ဆူဘိုတစ်တို့ကို ပစ်မှတ်ထားနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် နွေရာသီ ဈေးကွက်အတွင်း ဒန်နီဝဲလ်ဘက်နှင့် အလက်ဆစ် ဆန်းချက်ဇ်တို့ကဲ့သို့ တိုက်စစ်သမားများကို အားဖြည့် ဝယ်ယူခဲ့ပြီးနောက် ယခုရာသီ အကုန်တွင်မူ ခံစစ်ပိုင်းကို ဝင်းဂါး အနေဖြင့် ပိုမိုအာရုံစိုက် တည်ဆောက်လာဖွယ် ရှိနေကြောင်း သိရသည်။ ချယ်လ်ဆီးအသင်းမှ ချက်ဝါရင့် ဂိုးသမားကြီး ဆက်ခ်ျသည် သီဘောက် ကော်တွိုက်စ် လက်စွမ်းပြနေခြင်းကြောင့် အရန်ခုံတွင်သာ အချိန်ကုန်နေရာ နွေရာသီတွင် စတမ်းဖို့ဒ်ဘရစ်ဂ်ျကို ကျောခိုင်းမည့် အလားအလာ ရှိနေသည်။ ထိုအခြေအနေသည် ဒေးဗစ်အော့စ်ပီနာနှင့် ဝေါ့ဆစ်ခ်ျ ဆက်ဇနီတို့၏ စွမ်းဆောင်ရည်ကို မကျေနပ်နိုင်ဘဲ ကမ္ဘာ့အဆင့် ဂိုးသမားကောင်းတစ်ဦး အလိုရှိနေသည့် ဝင်းဂါးအတွက် စိတ်ဝင်စားစရာ ဖြစ်လာခဲ့သည်။

ထို့အပြင် ဝင်းဂါးသည် ဗဟိုခံစစ် နေရာအတွက် ဘိုရပ်ရှားဒေါ့တ်မန်မှ ဆာဘီးယား နောက်ခံလူ ဆူဘိုတစ်ကို မျက်စိကျလျက် ရှိသည်။ အာဆင်နယ်တွင် ပါးမာတီဆက်ကာ၏ အားနည်းညံ့ဖျင်းမှု အချို့ သိသာမြင်သာ ဖြစ်ခဲ့သည့်နောက် ဝင်းဂါးက ဆူဘိုတစ်ကို ချိန်ရွယ်လာဖွယ် ရှိသည်။ ဝင်းဂါးသည် ခံစစ်ပိုင်း၏ ဒုတိယ ဦးစားပေး ပစ်မှတ်အဖြစ် ဒိုင်နမိုကိဗ်မှ အလက်ဇန္ဒား ဒရာဂိုဗစ်ကိုလည်း စောင့်ကြည့်လျက် ရှိသည်။ ထို့အပြင် ဝင်းဂါးသည် ဆောက်သမ်တန် အသင်းမှ ပြင်သစ် လက်ရွေးစင် ရှနိုက်ဒါလင်ကိုလည်း ချဉ်းကပ်ရန် ပြင်ဆင်နေသည်။ အာဆင်နယ်၏ ကွင်းလယ်ခံစစ်ပိုင်းတွင် မက်သရူး ဖလာမီနီနှင့် မစ်ကယ် အာတီတာတို့သည် ကြံ့ခိုင်မှုပိုင်း ပြဿနာနှင့် ခြေစွမ်း မတည်ငြိမ်မှုများ ရှိနေရာ ယင်းအားနည်းချက်ကို ရှနိုက်ဒါလင်နှင့် ဖြေရှင်းရန် ဝင်းဂါးက လိုလားလျက် ရှိသည်။

ဝင်းဂါးသည် နွေရာသီ ဈေးကွက်တွင် ပေါင်စတာလင် သန်း(၅၀)မျှ အသုံးပြုကာ ကစားသမားသစ်များ အားဖြည့်သွားမည်ဖြစ်ပြီး နွေရာသီက ဝယ်ယူခဲ့သည့် ကာလမ်ချမ်ဘာစ်ကို လက်ရှိ အသုံးပြုနေသည့် ဗဟိုခံစစ်မှူး နေရာအစား ကွင်းလယ်နှင့် ညာခြမ်းခံစစ်တို့တွင် ပိုမိုအသုံးချသွားဖွယ် ရှိနေကြောင်းလည်း သိရသည်။

Soccer Myanmar

No comments:

Post a Comment