Pages

Thursday, March 12, 2015

ရုန်းကန်နေရသော အခြေအနေများကြောင့် ရာသီကုန်တွင် ယူနိုက်တက်ကို ဖယ်လ်ကာအို ကျောခိုင်းဖွယ်ရှိ



ရုန်းကန်နေရသော အခြေအနေများကြောင့် ရာသီကုန်တွင် ယူနိုက်တက်ကို ဖယ်လ်ကာအို ကျောခိုင်းဖွယ်ရှိ

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရာဒါမယ် ဖယ်လ်ကာအို အနေဖြင့် ၎င်း၏ လက်ရှိ ရုန်းကန်နေရသော အခြေအနေများကို အရှိအတိုင်း လက်ခံပြီး ရာသီကုန်တွင် အသင်းမှ ထွက်ခွာဖွယ် ရှိနေကြောင်း သိရသည်။

အင်္ဂလန် ကလပ်နှင့် နီးစပ်သူများက ကိုလံဘီယာ လက်ရွေးစင် ကစားသမားသည် နွေရာသီတွင် မိမိအနေဖြင့် အသင်းအရွေးမှားခဲ့သည်ဟု လက်ခံထားပြီဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ကြသည်။ ဖယ်လ်ကာအိုသည် မိုနာကိုမှ ယူနိုက်တက်သို့ အငှားပြောင်းရွှေ့လာသော်လည်း မန်နေဂျာ လူးဝစ်ဗန်ဂါးလ် လက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့် မရဘဲ ရုန်းကန်ခဲ့ရသည်။ ၎င်းသည် ယူနိုက်တက်တွင် ပွဲ(၂၀)ကစားကာ (၄)ဂိုးသာ သွင်းနိုင်ခဲ့ပြီး ယခုသီတင်းပတ်အတွင်း အသက်(၂၁)နှစ်အောက် လူငယ်အရန်အသင်းတွင်ပင် ပါဝင်ကစားခဲ့ရသည်။

အသက်(၂၉)နှစ်ရှိ ဖယ်လ်ကာအိုသည် အိုးလ်ထရက်ဖို့ဒ်တွင် ပျော်ရွှင်နေကြောင်း ယခင်က အကြိမ်ကြိမ် ဖွင့်ဟဖူးသော်လည်း လက်ရှိ အခြေအနေအရမူ ရာသီကုန်တွင် အသင်းပြောင်းရန် စိတ်ပိုင်းဖြတ်ထားပြီဟု သိရှိရသည်။ ဖယ်လ်ကာအို၏ မိတ်ဆွေအချို့က ၎င်းသည် ယူနိုက်တက်၏ အရန်အသင်းတွင် ဝင်ကစားခဲ့ရပြီးနောက် ယင်းဖြစ်ရပ်အတွက် အလွန်တုန်လှုပ် စိတ်ပျက်သွားသည်ဟု ပြောကြားခဲ့ကြသည်။ ဗန်ဂါးလ်သည် အဆိုပါ ပွဲမတိုင်မီ ရက်ပိုင်းက အာဆင်နယ်နှင့် ကစားသည့် FAဖလား ကွာတားဖိုင်နယ်တွင် ဖယ်လ်ကာအိုကို အရန်ခုံတွင်သာ ထားရှိခဲ့သည်။

ထို့အပြင် ဗန်ဂါးလ်သည် ဖယ်လ်ကာအိုကို ဦးစားပေး ပစ်မှတ်အဖြစ် ခေါ်ယူလိုခဲ့ခြင်း မရှိဘဲ အခြားပစ်မှတ်များကို လက်တွေ့ ခေါ်ယူရန် မဖြစ်နိုင်တော့သည့်အတွက် အပြောင်းအရွှေ့ ဈေးကွက်ပိတ်ရက်ကျမှ အငှားခေါ်ခဲ့ခြင်းဟု ခန့်မှန်းသတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

Soccer Myanmar

No comments:

Post a Comment