Pages

Saturday, March 14, 2015

ဒုတိယ နေရာထိ ယူနိုက်တက် တက်ရောက်လာနိုင်ဟု ဗန်ဂါးလ်သုံးသပ်



ဒုတိယ နေရာထိ ယူနိုက်တက် တက်ရောက်လာနိုင်ဟု ဗန်ဂါးလ်သုံးသပ်

ရာသီကုန်တွင် ပရီးမီးယားလိဂ် အဆင့်(၂) နေရာထိ တက်ရောက် ရပ်တည်နိုင်ရန် မျှော်လင့်နိုင်ဆဲဟု မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က မှတ်ချက်ပြု ပြောကြားလိုက်သည်။

ယူနိုက်တက်သည် ဗန်ဂါးလ် လက်အောက်တွင် ခြေစွမ်း အတက်အကျ ကြမ်းတမ်းသော ဘောလုံးရာသီကို ဖြတ်သန်းနေသည့်တိုင် အမှတ်ပေးဇယား အဆင့်(၄)တွင် ရှိနေဆဲ ဖြစ်သည်။ ယူနိုက်တက်သည် အမှတ်ပေး ဇယား ဒုတိယ နေရာမှ မန်ချက်စတာ စီးတီးနောက် (၅)မှတ်အကွာတွင် ရှိနေရာ သင်္ချာနည်းအားဖြင့် ဒုတိယနေရာနှင့် ကွာဟမှု မရှိလှဟု ဆိုနိုင်သည်။ သို့သော်လည်း ဗန်ဂါးလ်၏ အသင်းသည် လာမည့် ပွဲစဉ်များတွင် တော့တင်ဟမ် ဟော့စပါး၊ လီဗာပူးလ်၊ ချယ်လ်ဆီး၊ မန်စီးတီးတို့နှင့် ပွဲကျပ်များ ဆက်တိုက် ကစားရတော့မည် ဖြစ်သည်။

တနင်္ဂနွေနေ့တွင် စပါးနှင့် ကစားရမည့် ပွဲစဉ်မတိုင်မီ သတင်းထောက်များနှင့် တွေ့ဆုံရာ၌ နယ်သာလန်သား မန်နေဂျာကြီးက “လာမယ့် ပွဲစဉ်တွေက အရမ်းကို အဆုံးအဖြတ် ဆန်လာပြီ။ ကျွန်တော်တို့ဟာ အသင်းတော်တော်များများနဲ့ အမှတ်ကပ်နေတယ်။ အသင်းက ဒုတိယ၊ ဒါမှမဟုတ် တတိယ ဖြစ်လာနိုင်တယ်။ သိပ်ကြီးမားတဲ့ ကွာဟချက် မရှိဘူးလေ။ ကျွန်တော်ကတော့ ဒီအတိုင်း ယုံကြည်တယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ အကောင်းဆုံး စာရင်းဝင် အသင်းတစ်ခုပါ။ ဒီအသင်းမျိုးဟာ ချန်ပီယံလိဂ်မှာ ပါဝင်ကစားနေဖို့ လိုပါတယ်”ဟု ပြောကြားခဲ့သည်။

ဗန်ဂါးလ် လက်အောက် ယူနိုက်တက်သည် ကစားပုံအရ ဝေဖန်မှုများ ကြုံနေရသော်လည်း နောက်ဆုံး (၂၃)ပွဲတွင် (၃)ပွဲသာ အရေးနိမ့်ခဲ့သည်။ ဗန်ဂါးလ်က လေ့ကျင့်ရေး အစီအစဉ်တွင် ရရှိနေသည့် ပုံစံကောင်းမျိုး ပွဲကစားချိန်တွင် မိမိ ကစားသမားများ လက်တွေ့ ပြသနိုင်ပါက အသင်း၏ ရလဒ်ပိုင်း ထောင်တက်လာမည်ဟု ယုံကြည်ကြောင်းလည်း ဆိုသည်။ “ရာသီ အစကတည်းက သတ်မှတ်ထားတဲ့ ရည်မှန်းချက်တွေအတိုင်း ဖြစ်အောင် လုပ်နိုင်မယ်လို့ ကျွန်တော်တို့မှာ ယုံကြည်စိတ် အပြည့်ရှိပါတယ်။ ကျွန်တော့် ကစားသမားတွေအပေါ် အများကြီး ယုံကြည်ပေးထားတယ်။ လေ့ကျင့်ရေး အစီအစဉ်တွေမှာ သူတို့ရဲ့ တိုးတက်မှုတွေကို ကျွန်တော် မြင်နေရတယ်။ ဒါပေမဲ့ ပွဲစဉ်တွေ ကစားတာနဲ့ လေ့ကျင့်ရေး အစီစအဉ်တွေမှာ ကွာခြားချက် အကြီးကြီး ရှိနေဆဲပါ။ ကျွန်တော်တို့ဟာ တကယ့် ပွဲကြီးပွဲကောင်း အောင်မြင်မှုတွေကို စောင့်နေရပါတယ်။ အဲဒီနောက်မှာတော့ စိတ်ဓာတ်ပိုင်း ပိုကောင်းလာပြီး ပွဲတွေ အနိုင်ကစားဖို့ ယုံကြည်မှု တိုးပွားလာမယ် ထင်ပါတယ်”ဟု ဗန်ဂါးလ်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar

No comments:

Post a Comment