Pages

Monday, March 16, 2015

ပွဲကျပ်ကာလများကို ပုံစံကောင်းဖြင့် လီဗာပူးလ် ဖြတ်သန်းနိုင်ရန် ရော့ဂျာမျှော်လင့်



ပွဲကျပ်ကာလများကို ပုံစံကောင်းဖြင့် လီဗာပူးလ် ဖြတ်သန်းနိုင်ရန် ရော့ဂျာမျှော်လင့်

ပရီးမီးယားလိဂ်တွင် အရေးပါသည့် ပွဲကျပ်များ ကစားရမည့် ကာလမတိုင်မီ အသင်းအနေဖြင့် အကောင်းဆုံး ပုံစံတွင် ရှိနေနိုင်မည်ဟု ယုံကြည်ကြောင်း လီဗာပူးလ် မန်နေဂျာ ဘရန်ဒန်ရော့ဂျာက ပြောကြားခဲ့သည်။

လီဗာပူးလ်သည် ယခုရာသီ ချန်ပီယံလိဂ်၊ ကက်ပီတယ်လ်ဝမ်း၊ FAဖလားနှင့် ပရီးမီးယားလိဂ် ပွဲစဉ်များ အားလုံးပေါင်း (၄၆)ပွဲထိ ကစားပြီးဖြစ်ရာ ကစားသမားများ အနေဖြင့် ပွဲပန်း နွမ်းနယ်နေသည့် အခြေအနေမျိုး ကြုံလာဖွယ် ရှိသည်။ မြောက်အိုင်ယာလန်သား မန်နေဂျာကမူ ယနေ့ညတွင် ကစားမည့် ဆွမ်ဆီးစီးတီးနှင့် ပွဲစဉ်၊ လာမည့်သီတင်းပတ်တွင် ကစားမည့် မန်ချက်စတာ ယူနိုက်တက်နှင့် ပွဲစဉ်များ အပါအဝင် ပွဲကျပ်များကို အသင်းအနေဖြင့် ပုံစံကောင်းဖြင့် ဖြတ်သန်း ကစားနိုင်မည်ဟု မျှော်လင့်ထားကြောင်း ဖွင့်ဟခဲ့သည်။

“ဘလက်ဘန်းကို သရေကျခဲ့တဲ့ FAဖလား ပွဲစဉ်ကတော့ တကယ့်ကို ခက်ခဲတဲ့ ပွဲကျပ်ကာလတွေရဲ့ အဆုံးပိုင်း အနေအထားလို့ ယူဆချင်ပါတယ်။ အဲဒီပွဲရဲ့ အချက်အလက်တွေကို ပြန်ကြည့်တဲ့အခါ ကာယပိုင်း အားပြုချဉ်းကပ်မှုတွေ သိသိသာသာ စကားပြောခဲ့ပါတယ်။ ဒီပွဲရဲ့ အချက်အလက်တွေအရ ကျွန်တော်တို့ဟာ တစ်ရာသီလုံးမှာ အနိမ့်ပါးဆုံး အနေအထားမျိုး ဖြစ်သန်းခဲ့တယ်။ အခုတော့ အသင်းက အားပြန်ပြည့်လာပါပြီ။ စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ လန်းဆန်းနေပြီ ဖြစ်ပါတယ်။ ရှေ့ဆက်ရမယ့် ပွဲတွေအတွက် ကျွန်တော်တို့ အသင့်ဖြစ်ပါပြီ။ ဆွမ်ဆီးနဲ့ ပွဲစဉ်ကို အစပြုမှာဖြစ်ပြီး အသင်းနဲ့ ထိုက်တန်တဲ့ စွမ်းဆောင်ရည်မျိုး နောက်တစ်ကြိမ် ပြန်ရှာတွေ့လိမ့်မယ်လို့ ခံစားမိပါတယ်။ ဒါဟာ ခက်ခဲမယ် ဆိုတာကိုတော့ ကျွန်တော်တို့ သဘောပေါက်ပါတယ်”ဟု ရော့ဂျာက မှတ်ချက်ပြုခဲ့သည်။

၎င်းက “ဒီတစ်ပတ် လေ့ကျင့်ရေး အစီအစဉ်တွေမှာ ကစားသမားတွေဟာ ကောင်းကောင်း စွမ်းဆောင်ပြထားပါတယ်။ သူတို့ဟာ ထက်ထက်မြက်မြက်နဲ့ ပုံစံကောင်း ရရှိတာ ပေါ်လွင်နေပါပြီ။ အားလုံးက အသင်းရဲ့ စွမ်းဆောင်ရည်ကောင်းနဲ့ ရလဒ်ကောင်းတွေကို ပြန်ရယူဖို့ စိတ်အားထက်သန်နေပါတယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

No comments:

Post a Comment