Pages
▼
Wednesday, March 11, 2015
ရှော်လ်ကေးကို အရေးနိမ့်ပြီးနောက် ပရိသတ်များ၏ လှောင်ပြောင်မှုမှာ ထိုက်တန်ကြောင်း ရီးယဲလ်နည်းပြ ဝန်ခံ
ရှော်လ်ကေးကို အရေးနိမ့်ပြီးနောက် ပရိသတ်များ၏ လှောင်ပြောင်မှုမှာ ထိုက်တန်ကြောင်း ရီးယဲလ်နည်းပြ ဝန်ခံ
ရီးယဲလ်မက်ဒရစ်နည်းပြ ကာလိုအန်ဆလော့တီက ရှော်လ်ကေးကို အရေးနိမ့်ခဲ့သည့် အတွက် ပရိသတ်များ၏ လှောင်ပြောင် ဝေဖန်မှုကို ခံယူရန် ထိုက်တန်ကြောင်း ဝန်ခံခဲ့သည်။
ရီးယဲလ်သည် ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့် ပွဲစဉ် ဒုတိယအကျော့တွင် ဂျာမန်ကလပ် ရှော်လ်ကေးကို (၄-၃)ဖြင့် အရေးနိမ့်ခဲ့သည်။ သို့သော်လည်း ရီးယဲလ်အနေဖြင့် ပထမအကျော့က အဝေးကွင်းတွင် (၂-၀)ဖြင့် အနိုင်ရထားပြီး ဖြစ်သောကြောင့် နှစ်ကျော့ပေါင်း (၅-၄)ဖြင့် အနိုင်ရကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ ရီးယဲလ်သည် ဆောင်းရာသီ နားရက်ကာလ ကျော်လွန်လာပြီးနောက်ပိုင်း အသင်း၏ စွမ်းဆောင်ရည်ပိုင်း အားနည်းညံ့ဖျင်းမှု အချို့ကြောင့် အန်ဆလော့တီ အပေါ် ဝေဖန်မှု ဖိအားများ ကျရောက်လာခဲ့သည်။ လတ်တလောတွင် ရီးယဲလ်သည် လာလီဂါတွင်လည်း အမှတ်ပေးဇယား ဦးဆောင်မှုကို ဘာစီလိုနာထံ လက်လွှဲပေးခဲ့ရသည်။
အန်ဆလော့တီက “အသင်းကစားပုံမှာ ပြဿနာတွေ အများကြီးရှိတယ်။ တိုက်စစ်မှာရော၊ ခံစစ်မှာပါ ဖြစ်ပါတယ်။ ပြီးတော့ တိုက်ပွဲဝင်လိုစိတ်၊ စိတ်ဓာတ် ထက်သန်မှုနဲ့ စူးစိုက်မှုတွေ အားလုံး အားနည်းတယ်။ ဒါဟာ ကျွန်တော်တို့ ကလပ်အသင်း၊ ကျွန်တော်တို့ ပုံရိပ်အရ အဆင်မပြေပါဘူး။ ပရိသတ်တွေရဲ့ လှောင်ပြောင်သံတွေက လုံးဝကို မျှတပါတယ်။ ကျွန်တော်တို့ ဒီထက် ကြိုးစားရမယ်။ ဒီထက်ပိုပြီး အာရုံစိုက်ရပါမယ်။ ပြောရရင် အရာရာကို ပိုကောင်းလာအောင် ကျွန်တော်တို့ အားထည့်သွားရပါမယ်”ဟု ပြောကြားခဲ့သည်။
ဒဏ်ရာကြောင့် အနားယူနေရသည့် ရီးယဲလ် ကွင်းလယ်လူ လူကာမိုဒရစ်သည် ယခုပွဲတွင် ဒုတိယပိုင်း လူစားဝင်ပြီး အသင်း၌ တစ်ကျော့ပြန် ပါဝင်လာခဲ့သည်။ ယင်းနှင့် ပတ်သက်၍ အန်ဆလော့တီက “မိုဒရစ်ဟာ ကျွန်တော်တို့ အသင်းအတွက် ဘောလုံးကို ပိုပြီး ထိန်းချုပ်ခွင့်ရအောင် ကူညီပါလိမ့်မယ်။ ဒီတော့ ကျွန်တော်တို့ ကစားပုံ ပိုပြီးတော့ သက်ရောက်မှု အားကောင်းလာမှာပေါ့။ လောလောဆယ် သူ့ဆီက အများကြီး တောင်းဆိုလို့တော့ မရသေးပါဘူး။ ဖြည်းဖြည်းချင်းပဲ သွားရပါမယ်။ သူဟာ မိနစ်(၃၀) ပါဝင်ကစားခဲ့ပါတယ်။ ရေရှည်မှာ မိုဒရစ်က အသင်းကို ကူညီနိုင်မှာပါ”ဟု မှတ်ချက်ပြုသွားသည်။
Soccer Myanmar
No comments:
Post a Comment