Pages
▼
Monday, March 16, 2015
လီဗာပူးလ်အသင်း အမှတ်ပေးဇယား ဒုတိယနေရာ တက်ရောက်နိုင်မည်ဟု ရော့ဂျာယုံကြည်
လီဗာပူးလ်အသင်း အမှတ်ပေးဇယား ဒုတိယနေရာ တက်ရောက်နိုင်မည်ဟု ရော့ဂျာယုံကြည်
လီဗာပူးလ် အနေဖြင့် မန်ချက်စတာ စီးတီးကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၂) နေရာကို အရယူနိုင်မည်ဟု ယုံကြည်ကြောင်း မန်နေဂျာ ဘရန်ဒန်ရော့ဂျာက ပြောကြားလိုက်သည်။
လီဗာပူးလ်သည် ရော့ဂျာ၏ အသင်းဟောင်း ဆွမ်ဆီးစီးတီးကို ယော်ဒန်ဟန်ဒါဆင်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် မန်စီးတီးနှင့် (၄)မှတ်သာ ကွာဟသည့် အခြေအနေထိ ရှိလာသည်။ လက်ရှိချန်ပီယံ မန်စီးတီးသည် ဘန်လေကို ခြေချော်လက်ချော် အရေးနိမ့်ခဲ့ပြီးနောက် ၎င်း၏ ရပ်တည်မှုအတွက် အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက်နှင့် လီဗာပူးလ်တို့၏ ခြိမ်းခြောက်လာမှုကို ကြုံနေရပြီ ဖြစ်သည်။ လီဗာပူးလ်သည် (၂၀၁၅)ခုနှစ်အတွင်း အကောင်းဆုံး ပုံစံမျိုး ရရှိနေပြီး ယင်းစွမ်းဆောင်ရည်ကို ဆက်လက် ထိန်းသိမ်းထားခြင်းဖြင့် မန်စီးတီးကို ကျော်ဖြတ်သွားနိုင်မည်ဟု ရော့ဂျာက ယူဆထားသည်။
ရော့ဂျာက “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က တတ်နိုင်သမျှ အဆင့်မြင့်မြင့် ရပ်တည်ပြီး ရာသီသိမ်းဖို့ပါ။ အဆင့်(၄) နေရာရရုံနဲ့ ကျေနပ်နေဖို့ မဟုတ်ပါဘူး”ဟု Sky Sportsသို့ ပြောကြားခဲ့သည်။ ၎င်းက “အခု ကျွန်တော်တို့ဟာ တတိယ နေရာက အာဆင်နယ်နောက် (၃)မှတ် အကွာမှာ ရှိနေတယ်။ မန်စီးတီးက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရှုံးနိမ့်ခဲ့ပြီး ဒါက ကျွန်တော်တို့အတွက် စိတ်ဓာတ်ရေးရာ တွန်းအားတစ်ရပ် ဖြစ်လာစေတာ အမှန်ပါပဲ။ လူတိုင်းက နံပါတ်(၄) နေရာအကြောင်း ပြောကြားတယ်။ နှစ်တိုင်းလိုလိုပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ကိုယ့်အသင်း ရလဒ်တွေ တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်နေအောင် ကြိုးစားမှာပါ။ အခုဆို မန်စီးတီးရဲ့ အရှုံးရလဒ်ဟာ ကျွန်တော်တို့ကို ဒုတိယနေရာ မှန်းနိုင်လောက်အောင် အခွင့်အရေး ဖြစ်လာစေပြီလေ”ဟုလည်း ဆိုသည်။
ရော့ဂျာက “ကျွန်တော်တို့ အနေနဲ့ စိတ်ဓာတ်ပိုင်း၊ ခြေစွမ်းပိုင်း၊ ယုံကြည်မှု အပိုင်းတွေမှာ တစ်သမတ်တည်း ဖြတ်သန်းနိုင်အောင် ကြိုးစားနေပါတယ်။ ပွဲတိုင်းမှာ ဒီအခြေခံ အချက်တွေကို ဆောင်ယူသွားပြီး အမြင့်ဆုံး တက်လှမ်းမှုမျိုး ရယူဖို့ ကြိုးစားသွားမှာပါ”ဟုလည်း ပြောကြားခဲ့သည်။
Soccer Myanmar
No comments:
Post a Comment