Pages

Thursday, March 12, 2015

အနီကတ်ပြခံရချိန်တွင် ဝိုင်းအုံလာခဲ့သည့် ချယ်လ်ဆီးကစားသမားများ၏ လုပ်ရပ်ကို အီဘရာဟီမိုဗစ် လှောင်ပြောင်



အနီကတ်ပြခံရချိန်တွင် ဝိုင်းအုံလာခဲ့သည့် ချယ်လ်ဆီးကစားသမားများ၏ လုပ်ရပ်ကို အီဘရာဟီမိုဗစ် လှောင်ပြောင်

မိမိအနီကတ်ပြခံရချိန်တွင် ရန်လိုသည့် ပုံစံမျိုး ဝန်းရံလာသည့် ချယ်လ်ဆီး ကစားသမားများကို PSG တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်က လှောင်ပြောင်သွားခဲ့သည်။

စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ချယ်လ်ဆီးနှင့် PSGတို့ (၂)ဂိုးစီ သရေကျခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်၌ ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူးသည် ပွဲချိန် (၃၁)မိနစ် ကတည်းက ထုတ်ပယ်ခံခဲ့ရသည်။ ၎င်းသည် ချယ်လ်ဆီး ကွင်းလယ်လူ အော်စကာကို ဖျက်ထုတ်ပုံ ကြမ်းတမ်းသဖြင့် ဒိုင်လူကြီး ဘွန်ဂ်ျကူပါစ်က ချက်ချင်း အနီကတ်ပြခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဂျွန်တယ်ရီ၊ နီမန်ယာမာတစ်၊ ဂယ်ရီကာဟေးလ်တို့ အပါအဝင် ချယ်လ်ဆီး ကစားသမားများက အီဘရာဟီမိုဗစ်ကို ဝန်းရံလာခဲ့သည်ကို တွေ့ရသည်။

အီဘရာဟီမိုဗစ်က “အနီကတ်ကို မြင်လိုက်တော့ ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ဘာလုပ်လိုက်မှန်း မသိဘဲ တစ်ခုခု လုပ်မိလိုက်တဲ့ လူလို ဖြစ်သွားတယ်။ ကျွန်တော် မြင်ခဲ့တဲ့ အဆိုးဆုံး ကိစ္စက အနီကတ် ထိလိုက်ချိန်မှာ ချယ်လ်ဆီး ကစားသမားတွေ ကျွန်တော့်နားကို ဝိုင်းအုံလာတာပါ။ စိတ်ထဲမှာတော့ ကလေးလေး (၁၁)ယောက်လောက် ကျွန်တော့်ကို ဝိုင်းထားသလို ခံစားမိတယ်။ အော်စကာကိုယ်တိုင် ကျွန်တော့်ဆီ လာနေတာ မြင်လိုက်တော့ ကျွန်တော် ထွက်လာခဲ့ပါတယ်။ ကျွန်တော်နဲ့သူ ထိမိချိန်မှာ အော်စကာက လိုတာထက်ပိုပြီး ဟန်ဆောင်ခဲ့သလား ဆိုတာတော့ ကျွန်တော် မပြောတတ်ဘူး။ ဒါက ကိစ္စလည်း မရှိပါဘူး။ ပွဲရလဒ်အရ ကျွန်တော်တို့က အနိုင်ရတဲ့အသင်း ဖြစ်ခဲ့ပါပြီ”ဟု ပြောကြားခဲ့သည်။

PSGသည် မိနစ်(၉၀)မျှ (၁၀)ယောက်ကျန် အခြေအနေဖြင့် ကစားခဲ့ရသော်လည်း အချိန်ပိုတွင် နောက်ခံလူ သီယာဂို ဆေးလ်ဗား၏ ခေါင်းတိုက်သွင်းဂိုးကြောင့် အဝေးဂိုး စည်းမျဉ်းဖြင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။ အီဘရာဟီမိုဗစ်က “အသင်းရဲ့ စွမ်းဆောင်ရည်ကတော့ အံ့ဩစရာပါပဲ။ ကျွန်တော်တို့ဟာ တစ်ယောက်လျော့ အနေအထားနဲ့ ကစားခဲ့ရတာပါ။ အချိန်ပိုထိ ခံကစားခဲ့ပြီး ချေပဂိုး ရခဲ့တဲ့အတွက် အသင်းသား အားလုံးကို ချီးကျူးထိုက်ပါတယ်။ PSG ကစားသမားတွေဟာ နှလုံးရည် အပြည့်အဝ အားထုတ်သွားခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းဟာ အရည်အသွေးရော၊ စိတ်ဓာတ်ပိုင်းကိုပါ အကောင်းဆုံး ပြသသွားနိုင်ခဲ့ပါတယ်”ဟု မှတ်ချက်ပြုသွားသည်။

Soccer Myanmar

No comments:

Post a Comment