Pages

Monday, March 16, 2015

ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ရုန်းကန်ရမည့် အသင်းများတွင် မန်စီးတီး ပါဝင်လာဟု ဗန်ဂါးလ် သုံးသပ်



ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ရုန်းကန်ရမည့် အသင်းများတွင် မန်စီးတီး ပါဝင်လာဟု ဗန်ဂါးလ် သုံးသပ်

လက်ရှိ အနေအထားအရ မန်ချက်စတာစီးတီးသည် ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုကို ထိန်းသိမ်းရန်ထက် ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် ရုန်းကန်ရန် ပိုမိုလက်တွေ့ကျကျ လိုအပ်လာပြီဟု မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က သုံးသပ် ပြောကြားလိုက်သည်။

ယူနိုက်တက်သည် တော့တင်ဟမ် ဟော့စပါးကို (၃-၀)ဖြင့် ခြေစွမ်းပြ အနိုင်ရခဲ့ပြီးနောက် အမှတ်ပေးဇယား ဒုတိယ နေရာမှ မန်စီးတီးနောက် (၂)မှတ်အကွာထိ ရောက်ရှိလာသည်။ အဆိုပါ နှစ်သင်းကြားတွင် အာဆင်နယ်က မန်စီးတီးနောက် (၁)မှတ် အကွာဖြင့် ဖိအားပေးနေဆဲဖြစ်ရာ လက်ရှိ ချန်ပီယံတို့၏ ဒုတိယနေရာ ရပ်တည်မှုကို ခြိမ်းခြောက်မှု ကြီးကြီးမားမား သက်ရောက်လာခဲ့သည်။ “အခုတော့ ကျွန်တော်တို့ ဒုတိယ နေရာနဲ့ (၂)မှတ်ပဲ ကွာတော့တယ်။ ဒါဟာ ကျားကုတ်ကျားခဲ ပြိုင်ဆိုင်မှုတွေကို ဦးတည်လာတာပါပဲ”ဟု ဗန်ဂါးလ်က ဆိုသည်။

မန်စီးတီးသည် စနေနေ့တွင် ဘန်လေကို (၁-၀)ဖြင့် အရေးနိမ့်ခဲ့ခြင်းကြောင့် အမှတ်ပေးဇယား ထိပ်မှ ချယ်လ်ဆီးနှင့် ရမှတ် ပိုမို ပြတ်ကျန်ခဲ့သည့်အပြင် နောက်မှလိုက်လာသည့် အသင်းများ၏ ရန်ကိုပါ အလေးအနက် စိုးရိမ်လာရသည်။ ဗန်ဂါးလ်က “မန်စီးတီး အနေနဲ့ ဒီအခြေအနေကို လိုလားသည်ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ လက်ခံရတော့မယ်။ သူတို့ဟာ ချန်ပီယံလိဂ် ဝင်ခွင့်နေရာအတွက် တိုက်ပွဲဝင်ရမယ့် အသင်းတွေထဲမှာ ပါလာပြီ။ ဒါဟာ ကျွန်တော်တို့အတွက် ကောင်းပါတယ်။ ပရိသတ်တွေ၊ မီဒီယာတွေ အတွက်လည်း ကောင်းတယ်။ အခုဆို သူတို့အနေနဲ့ ရေးစရာတွေ အများကြီး ရှိလာပြီလေ”ဟုလည်း ပြောကြားသွားသည်။

အာဆင်နယ်ကို FAဖလားတွင် အရေးနိမ့် ထွက်ခွာခဲ့ရသော်လည်း စပါးကို အကောင်းဆုံး ပုံစံဖြင့် ထိန်းချုပ်ကစားပြီး အနိုင်ရခဲ့ခြင်း အတွက်မူ ပျော်ရွှင်မိကြောင်း ဗန်ဂါးလ်က ဆိုသည်။ “ဒီလို နိုင်ပွဲမျိုး ရယူဖို့ ကျွန်တော်တို့ အကြာကြီး စောင့်ခဲ့ရတာပါ။ အထူးသဖြင့် စပါးလို တကယ်ကောင်းတဲ့ အသင်းတစ်ခုကို စွမ်းဆောင်ရည်ပိုင်း သိသိသာသာ အသာစီးနဲ့ နိုင်ခဲ့တာက ပိုကျေနပ်ဖို့ ကောင်းပါတယ်။ ကျွန်တော် အရမ်းကျေနပ်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ပဲလား ဆိုတာတော့ သေချာ မပြောတတ်သေးဘူး။ အထူးသဖြင့် အာဆင်နယ်ကို အရေးနိမ့်တဲ့ ပွဲစဉ်အပြီးမှာ၊ ကျွန်တော်တို့ရဲ့ အားနည်းချက်ကြောင့် ရှုံးလိုက်ရတဲ့ ပွဲတစ်ပွဲ အပြီးမှာ ဒီလို စူးစိုက်မှုမျိုးနဲ့ ကစားနိုင်ခဲ့တာ သိပ်ကို ကောင်းပါတယ်”ဟုလည်း ၎င်းက မှတ်ချက်ပြုသွားသည်။

Soccer Myanmar

No comments:

Post a Comment