Pages
▼
Thursday, March 5, 2015
နယူးယော့ခ်စီးတီးတွင် လမ်းပတ်၊ ဗီလာတို့နှင့် ရှာဗီ သွားရောက် တွဲဖက်ဖွယ်ရှိ
နယူးယော့ခ်စီးတီးတွင် လမ်းပတ်၊ ဗီလာတို့နှင့် ရှာဗီ သွားရောက် တွဲဖက်ဖွယ်ရှိ
ဘာစီလိုနာ ကွင်းလယ်လူ ရှာဗီဟာနန်ဒက်ဇ်သည် လာမည့်ရာသီတွင် အမေရိကန် မေဂျာလိဂ်ကလပ် နယူးယော့ခ် စီးတီးအသင်းသို့ သွားရောက် ကစားရန် စီစဉ်ထားကြောင်း သိရှိရသည်။
စပိန်လက်ရွေးစင်ဟောင်းသည် ယခုရာသီ အကုန်တွင် နူးကမ့်၌ စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။ ၎င်းကို မေဂျာလိဂ် ကလပ်အသင်းသစ် နယူးယော့ခ်က ကမ်းလှမ်းမှု ပြုလုပ်ထားပြီး ယင်းအတွက် အပြီးသတ် စာချုပ်ချုပ်ဆိုရန် နီးစပ်နေကြောင်း သတင်းများက ဆိုသည်။ နယူးယော့ခ်တွင် ရှာဗီအနေဖြင့် ဘာစီလိုနာ အသင်းဖော်ဟောင်း ဒေးဗစ်ဗီလာ၊ ချယ်လ်ဆီး ကွင်းလယ်ကစားသမားဟောင်း ဖရန့်ခ်လမ်းပတ်တို့နှင့် တွဲဖက် ကစားရမည် ဖြစ်သည်။ လမ်းပတ်နှင့် ရှာဗီတို့သည် ချန်ပီယံလိဂ်တွင် အားပြိုင်မှု ပြင်းထန်သည့် ထိပ်တိုက်ရင်ဆိုင်မှုများ ရှိခဲ့သော်လည်း နယူးယော့ခ်တွင်မူ အတူလက်တွဲ ကစားမည် ဖြစ်သည်။
ဘာစီလိုနာနည်းပြ လူးဝစ်အန်ရီကေးက ဆီဗီးလား ကွင်းလယ်ဖန်တီးရှင် အိုင်ဗန်ရာကီတစ်ကို ခေါ်ယူလိုက်သည့်နောက် ရှာဗီသည် နူးကမ့်တွင် အရေးပါသော အခန်းကဏ္ဍ၌ ရှိမနေတော့ချေ။ နယူးယော့ခ် အသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး၏ ဆင့်ပွားကလပ်တစ်ခုဖြစ်ပြီး ရှာဗီကို ဆွဲဆောင်ခေါ်ယူရန် အနီးစပ်ဆုံး အနေအထား ဖြစ်လာခဲ့သည်။ ရှာဗီသည် (၁၁)နှစ်သား အရွယ်ကတည်းက ဘာစီလိုနာသို့ ရောက်ရှိခဲ့ပြီး ကလပ်အသင်း တစ်ခုတည်းတွင် ကစားသမားဘဝ တစ်လျှောက်လုံး ဖြတ်သန်းခဲ့သူ ဖြစ်သည်။
နယူးယော့ခ် အနေဖြင့်မူ ဗီလာနှင့် လမ်းပတ်တို့ကို ခေါ်ယူခဲ့သည့်အပြင် ရှာဗီကိုပါ စာချုပ်နိုင်ခဲ့ပါက အသင်းအတွက် ကြီးမားသော အင်အားဖြည့်တင်းမှုမျိုးဟု ယူဆနိုင်မည် ဖြစ်သည်။ လမ်းပတ်သည် နယူးယော့ခ်နှင့် စာချုပ်ဖြစ်ခဲ့ပြီး လတ်တလောတွင် မန်းစီးတီးသို့ တစ်ရာသီ အငှားပြောင်းရွှေ့ ကစားလျက်ရှိသည်။
Soccer Myanmar
No comments:
Post a Comment