Pages

Saturday, March 14, 2015

ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း ဒီပေး အရိပ်အမြွက်ပြသ



ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် ဆန္ဒရှိနေကြောင်း ဒီပေး အရိပ်အမြွက်ပြသ

မန်ချက်စတာ ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် ဆန္ဒ ရှိနေကြောင်း မမ်းဖစ်ဒီပေးက Twitterတွင် အရိပ်အမြွက် ထုတ်ဖော် ပြသလိုက်သည်။

အသက်(၂၁)နှစ်ရှိ နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ်သမားလေးသည် ယူနိုက်တက်က ၎င်းကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းတစ်ပုဒ်ကို Twitterတွင် ဝေမျှခဲ့သည်။ အဆိုပါ သတင်းကို ဒတ်ခ်ျဘာသာဖြင့် ရေးသားထားပြီး မန်ချက်စတာ ယူနိုက်တက်က ဒီပေးအတွက် ငွေအများကြီးသုံးဖို့ ရှိနေတယ်ဟု အဓိပ္ပါယ်ရသည်။ နောက်ပိုင်းတွင်မူ ဒီပေးသည် အဆိုပါ သတင်းကို ၎င်း၏ Twitter စာမျက်နှာပေါ်မှ ပြန်လည် ပယ်ဖျက်သွားခဲ့သည်။ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် နယ်သာလန် လက်ရွေးစင် အသင်းတွင် ၎င်းတာဝန်ယူ ကိုင်တွယ်ဖူးသည့် ဒီပေးကို ပစ်မှတ်အဖြစ် အလိုရှိနေကြောင်း သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေခဲ့သည်။

PSV အင်ဒိုဗန် အသင်း၏ နည်းပြ ဖိလစ်ကိုကူးက မိမိ၏ ကစားသမားသည် အသင်းမှ ထွက်ခွာနိုင်ခြေ များနေကြောင်း ဝန်ခံထားသော်လည်း အသင်းအနေဖြင့် ၎င်းအတွက် ပေါင်စတာလင် သန်း(၂၀)မျှ တောင်းဆိုသွားနိုင်ကြောင်း သတိပေးထားသည်။ အာယန်ရော်ဘန် လက်သစ်အဖြစ် တင်စားခံရသည့် ဒီပေးသည် တောင်ပံဘက်သို့ အဓိကထွက်၍ ကစားနေသည့်တိုင် (၂၈)ပွဲတွင် (၁၉)ဂိုးထိ သွင်းယူပြထားသည်။ အဆိုပါ စွမ်းဆောင်ရည်များကြောင့် ဒီပေးသည် ဥရောပ၏ အလားအလာ အကောင်းဆုံး တက်သစ်စ လူငယ်တစ်ဦး အနေဖြင့်လည်း သတ်မှတ် ခံထားရသည်။

ဒီပေးကို တော့တင်ဟမ် ဟော့စပါးနှင့် အခြားသော ဥရောပ ကလပ်အချို့က စိတ်ဝင်စားနေသည့်တိုင် ကစားသမား ကိုယ်တိုင်ကမူ ဆရာဟောင်း ဗန်ဂါးလ်နှင့်သာ ယူနိုက်တက်တွင် သွားရောက်ပူးပေါင်းရန် လိုလားလျက်ရှိကြောင်း သတင်းများက ဖော်ပြသွားသည်။

Soccer Myanmar

No comments:

Post a Comment