Pages
▼
Monday, March 16, 2015
ချန်ပီယံဘွဲ့ ဆက်လက်ထိန်းသိမ်းရန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပယ်လီဂရီနီ ပြောကြား
ချန်ပီယံဘွဲ့ ဆက်လက်ထိန်းသိမ်းရန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပယ်လီဂရီနီ ပြောကြား
ဘန်လေကို ၁-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့သောကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ထိန်းသိမ်းရန် ကြီးမားသည့် ထိုးနှက်ချက် ဖြစ်ခဲ့သော်လည်း ချန်ပီယံဆုအတွက် ဆက်လက်တိုက်ပွဲဝင်ရန် အသင်းကစားသမားများအား မန်ချက်စတာစီးတီး မန်နေဂျာ မန်နျူရယ် ပယ်လီဂရီနီက တိုက်တွန်းပြောကြားလိုက်သည်။
စနေနေ့က ယှဉ်ပြိုင်ခဲ့သည့် အဆိုပါပွဲစဉ်တွင် မန်စီးတီးသည် ဂျော့ခ်ျဘွိုက်၏ တစ်လုံးတည်းသောဂိုးဖြင့် အဝေးကွင်းတွင် ရှုံးနိမ့်ခဲ့ရသည်။ အဆိုပါရလဒ်ကြောင့် လက်ရှိချန်ပီယံ မန်စီးတီးက နှစ်ပွဲကစားရန် ကျန်သေးသည့် အမှတ်ပေးဇယားထိပ်မှ ချယ်ဆီးနှင့် ၅ မှတ်ကွာဟခဲ့သည်။
“သင်္ချာနည်းအရ အမှတ်တွေကွာဟနေပေမယ့် ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်ရပါမယ်။ အရေးအကြီးဆုံးက ကိုယ်လုပ်နေတဲ့ လုပ်ရပ်အပေါ်မှာ ယုံကြည်မှုရှိပြီး လာမယ့်ပွဲစဉ်တွေမှာ အနိုင်ရဖို့အတွက် ကြိုးပမ်းဖို့ပါ။ ရာသီအကုန်မှာ ကျွန်တော်တို့ အဆင့်ဘယ်လောက်မှ ရပ်တည်နိုင်မလဲဆိုတာ တွေ့မြင်ရပါမယ်။ အခုအချိန်မှာ ကျွန်တော်တို့က အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ ကျွန်တော်တို့ နောက်ထပ် ၂၇ မှတ်ရဖို့အတွက် တိုက်ပွဲဝင်ရပါမယ်။ ရမှတ်တွေ ဆုံးရှုံးနေမယ်ဆိုရင်တော့ အမှတ်ပေးဇယားထိပ်ကို ရောက်ဖို့ ပိုပြီးအခက်တွေ့ရပါလိမ့်မယ်” ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။
ဆက်လက်ပြီး မိမိ၏အသင်းသည် ဘန်လေနှင့် ပွဲတွင် ကစားပုံဆိုးရွားခဲ့သည်ဟု မထင်မြင်ကြောင်း၊ သို့သော်လည်း အသင်းအနေဖြင့် လုံလောက်သည့် အခွင့်အရေးများ မဖန်တီးနိုင်ခဲ့ကြောင်း ပယ်လီဂရီနီက ဆိုခဲ့သည်။
“ကျွန်တော်တို့ရဲ့ ကစားပုံ တကယ့်ကို ဆိုးရွားခဲ့တယ်လို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့ အခွင့်အရေး သုံးလေးခု ဖန်တီးနိုင်ခဲ့ပါတယ်။ ဘန်လေက တစ်ကြိမ်ဂိုးပေါက်တည့်ပြီး ဂိုးတစ်ဂိုး ရသွားခဲ့တာပါ။ အသင်းအနေနဲ့ သာမန်စွမ်းဆောင်ရည် ရှိခဲ့ပါတယ်။ ဒါကို ပိုကောင်းအောင် လုပ်ဖို့ လိုပါတယ်။ အဲ့ဒီအတွက်လည်း ကျွန်တော်တို့ ကြိုးစားသွားမှာပါ” ဟု မန်စီးတီး မန်နေဂျာက ပြောကြားခဲ့သည်။
Soccer Myanmar
No comments:
Post a Comment