Pages
▼
Saturday, March 14, 2015
ထိပ်တန်း အသင်းတိုင်း ၁၀ ယောက်ကျန် အသင်းကို အနိုင်ယူနိုင်ကြောင်း စခိုးလ် ပြောကြား
ထိပ်တန်း အသင်းတိုင်း ၁၀ ယောက်ကျန် အသင်းကို အနိုင်ယူနိုင်ကြောင်း စခိုးလ် ပြောကြား
၁၀ ယောက်ကျန် ပီအက်စ်ဂျီကို ချယ်ဆီးက အနိုင်မယူနိုင်ခဲ့ခြင်းသည် ထိပ်တန်းအသင်း မဟုတ်သည်ကို ပြသခြင်းပင် ဖြစ်ကြောင်း ပေါလ်စခိုးလ်က ပြောကြားလိုက်သည်။
ဟိုဆေးမော်ရင်ဟို၏ အသင်းသည် စတမ်းဖို့ဒ်ဘရစ်ခ်ျတွင် လီဂူးဝမ်း ချန်ပီယံအသင်းကို နှစ်ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့သလို ကစားသမား တစ်ယောက်အသာဖြင့် ကစားခဲ့သော်လည်း ချန်ပီယံလိဂ် ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့ခြင်း မရှိပေ။
ချယ်ဆီးသည် အိမ်ကွင်းတွင် နှစ်နာရီခန့် ကစားခဲ့ရသည့်တိုင် ဂိုးသွင်းခွင့်များဖန်တီးရန် ရုန်းကန်ခဲ့ရပြီး ၎င်းသည် ထိပ်တန်း အသင်းမဟုတ်သည်ကို ပြသခြင်း ဖြစ်ကြောင်း စခိုးလ်က ဆိုခဲ့သည်။
“ပြီးခဲ့တဲ့လက ပီအက်စ်ဂျီမှာ ပထမအကျော့ ကစားခဲ့တုန်းက ချယ်ဆီး အသင်းဟာ ထိပ်တန်း အသင်းတစ်သင်း ဖြစ်တယ်လို့ ဟိုဆေးမော်ရင်ဟိုက ပြောခဲ့ပါတယ်။ ထိပ်တန်း အသင်းဆိုတာက ချယ်ဆီးလိုမျိုး ဥရောပပြိုင်ပွဲ အဝေးကွင်းမှာ ဂိုးရနိုင်မယ့် အခွင့်အရေး တစ်ကြိမ်ပဲ ဖန်တီးနိုင်သလိုမျိုး မကစားကြပါဘူး။ နောက်ပြီး ထိပ်တန်းအသင်းတွေက ချယ်ဆီးလိုမျိုး အိမ်ကွင်းမှာ ၁၀ ယောက်ကျန် ပြိုင်ဘက်အသင်းကို အနိုင်မယူနိုင်တာမျိုး မရှိပါဘူး။ ပီအက်စ်ဂျီက ၁၀ ယောက်တည်းနဲ့တောင် အခွင့်အရေးတွေ ဖန်တီးခဲ့တာပါ။ ကာဗာနီရဲ့ ဒုတိယပိုင်း ကန်ချက်ဆိုရင် တိုင်ထိထွက်သွားခဲ့တာပါ။ ထိပ်တန်းအသင်းတွေက ဒီလိုပဲ စွမ်းဆောင်ကြပါတယ်။ ချယ်ဆီးက ပဲရစ်မှာ အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့သလို အိမ်ကွင်းမှာလည်း ဥရောပရဲ့ ထိပ်တန်းအသင်းတစ်သင်း ဖြစ်ဖို့ အများကြီးလိုသေးတယ်ဆိုတာကို ပြသသွားခဲ့ပါတယ်” ဟု စခိုးလ်က ပြောကြားခဲ့သည်။
Soccer Myanmar
No comments:
Post a Comment