Pages

Wednesday, March 11, 2015

အိမ်ကွင်းရှုံးပွဲတွေ့ပေမယ့် ရီးရဲလ်မက်ဒရစ် ကွာတားဖိုင်နယ်တက်ရောက်



အိမ်ကွင်းရှုံးပွဲတွေ့ပေမယ့် ရီးရဲလ်မက်ဒရစ် ကွာတားဖိုင်နယ်တက်ရောက်

ယူအီးအက်ဖ်အေချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်းမှာဂျာမန်ကလပ် ရှောလ်ကေးကို မထင်မှတ်ပဲ ရှုံးနိမ့်သွားခဲ့ပေမယ့်လည်း နှစ်ကျော့ပေါင်းရလဒ်နဲ့ နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ရှော်လ်ကေးကို ရီးရဲလ်မက်ဒရစ်က နှစ်ကျော့ပေါင်းရလဒ် ၅-၄ ဂိုးနဲ့ ပွတ်ကာသီကာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အိမ်ကွင်းမှာ ကစားခဲ့ရတာဖြစ်ပေမယ့် ရလဒ်တွေဆက်တိုက် ဆိုးရွားနေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ခြေစွမ်းဟာ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ရှော်လ်ကေးအသင်းရဲ့ ခြေစွမ်းကချီးကျူးချင်စရာ ကောင်းခဲ့ပြီး နောက်တဆင့်တက်ဖို့ အလွန်ကိုနီးစပ်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ အဝေးကွင်းမှာ ၂-၀ ဂိုးနဲ့ အနိုင်ရထားခဲ့တဲ့အတွက် ဒီပွဲကို ပေါ့ဆမိလို့ ရှုံးပွဲတွေ့သွား ခဲ့ရတာ ဖြစ်ပါတယ်။ ပထမပိုင်းမိနစ် ၂၀ မှာ ရှော်လ်ကေးအသင်းဘက်က အဖွင့်ဂိုးအရင်ရရှိတာဖြစ်ပြီး ဖက်ရှ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ငါးမိနစ်အကြာမှာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ရော်နယ်ဒိုက ခေါင်းတိုက်ဂိုးနဲ့အတူ ပြန်ချေပခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီး မိနစ် ၄၀ မှာ ရှောလ်ကေးတိုက်စစ်မှူး ဟန်တဲလ်လားကဧည့်သည် အသင်းအတွက် ဒုတိယအကြိမ် ဦးဆောင်ဂိုးသွင်းနိုင်ခဲ့ပြန်ပါတယ်။ ဒီဂိုးကိုလည်း ရော်နယ်ဒိုကပဲ နောက်ထပ် ငါးမိနစ်အကြာမှာ ပြန်လည်ချေပခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းမှာ ကစားပုံမကောင်းတဲ့ပုံစံကို ရီးရဲလ်မက်ဒရစ်က ဒုတိယပိုင်းအစမှာ ပြင်နိုင်နိုင်ခဲ့ပါတယ်။ အဲဒါကြောင့် ဒုတိယပိုင်းစပြီး ၇ မိနစ်အကြာမှာ ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီမားက အသင်းအတွက် ဦးဆောင်ဂိုး ပြန်သွင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ထပ်ငါးမိနစ်အကြာ ၅၇ မိနစ်မှာ ရှော်လ်ကေးဘက်က ဆန်နေးက ချေပဂိုးသွင်းနိုင်ခဲ့လို့ ရီးရဲလ်မက်ဒရစ် အခက်တွေ့ခဲ့ရပါတယ်။ ဆန်နေးဟာ သူ့အတွက် ပထမဆုံး ဥရောပပြိုင်ပွဲအဖြစ် ဒီပွဲကို ကစားခဲ့တာဖြစ်ပြီး ဘယ်ခြေနဲ့ ဂိုးသွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဒီပွဲကို ဒုတိယပိုင်းမှာ ထိန်းကျောင်းနိုင်ဖို့အတွက် ဒဏ်ရာက ပြန်လည်သက် သက်လာတဲ့ လူကာမိုဒရစ်ကို လူစားဝင်စေခဲ့ပါတယ်။ ဒါပေမယ့် မိုဒရစ်ဟာ ဒုတယိပိုင်းမှာ အမှားများနေခဲ့တာ တွေ့ရပါတယ်။ ပွဲပြီးဆုံးခါနီး ၈၄ မိနစ်မှာ ရှော်လ်ကေးတိုက်စစ်မှူး ဟန်တဲလားက အသင်းအတွက်းဦးဆောင်ဂိုးကို မထင်မှတ်ပဲ သွင်းနိုင်ခဲ့ပြန်ပါတယ်။ ရှောလ်ကေးအတွက် လေးဂိုးမြောက် ဂိုးကို ရရှိလိုက်တဲ့အချိန်ဟာ ရီးရဲလ်မက်ဒရစ်အတွက် အန္တရာယ်အကြီးဆုံး အချိန်ကို ရောက်သွားခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ငါးမိနစ်လောက်သာ လိုတော့တဲ့ အဲဒီအချိန်မှာ ရှော်လ်ကေးက နောက်ထပ်တစ်ဂိုးထပ်ရလိုက်ရင် အဝေးဂိုးစည်းမျဉ်းနဲ့ နောက်တဆင့်ကို တက်သွားနိုင်မှာဖြစ်ပါတယ်။
ဒါပေမယ့် ရှော်လ်ကေး ဂိုးထပ်မရခဲ့ပါဘူး။ ဒီပွဲမှာ နှစ်ဂိုးသွင်းတဲ့ ရော်နယ်ဒိုကတော့ ဥရောပပြိုင်ပွဲတွေမှာ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ပါပြီ။ နှစ်ကျော့ပေါင်းရလဒ် ၅-၄ နဲ့ ရီးရဲလ်မက်ဒရစ်က အနိုင်ရခဲ့ပေမယ့် ဒီပွဲရလဒ်ဟာ ရီးရဲလ်မက်ဒရစ်ကို လှုပ်နှိုးလိုက်တာပါပဲ။ အိမ်ကွင်းမှာ ရှော်လ်ကေးကို ရှုံးလိုက်တဲ့အတွက် နောက်ဆုံး ၇ ပွဲမှာ သုံးပွဲပဲ နိုင်ပွဲရရှိထားတဲ့ အသင်းဖြစ်လာပါတယ်။

Soccer Myanmar

No comments:

Post a Comment