Pages

Friday, March 13, 2015

ချယ်လ်ဆီးကို PSG ကျော်ဖြတ်နိုင်ခဲ့ခြင်းအတွက် နည်းပြ ဘလန့်ကို မာတွိုင်ဒီ ချီးကျူး



ချယ်လ်ဆီးကို PSG ကျော်ဖြတ်နိုင်ခဲ့ခြင်းအတွက် နည်းပြ ဘလန့်ကို မာတွိုင်ဒီ ချီးကျူး

ချယ်လ်ဆီးကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်နိုင်ခဲ့ခြင်း အတွက် နည်းပြ လောရင့်ဘလန့်၏ စွမ်းဆောင်မှုများကို PSG ကွင်းလယ် ကစားသမား ဘလာစီ မာတွိုင်ဒီက ချီးကျူးခဲ့သည်။

PSGသည် အိမ်ကွင်းတွင် (၁)ဂိုးစီ သရေ ကျထားသည့်တိုင် ဒုတိယ အကျော့ ပြန်ကန်ပွဲစဉ်တွင် ချယ်လ်ဆီးကို အချိန်ပို၌ (၂)ဂိုးစီ သရေကစားခဲ့သည့်နောက် အဝေးဂိုး စည်းမျဉ်းအရ နောက်တစ်ဆင့် တက်ခဲ့သည်။ အဝေးကွင်း၌ ကစားရသည့် ဒုတိယ အကျော့တွင် PSGမှ ဆွီဒင်လက်ရွေးစင် တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ် ပွဲချိန်(၃၂)မိနစ် ကတည်းက အနီကတ်ပြ ခံရပြီး တစ်ယောက်လျော့ဖြင့် ကစားရသည့်တိုင် PSGက ချယ်လ်ဆီးအပေါ် အသာစီး ယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ပြင်သစ် ကွင်းလယ်လူ မာတွိုင်ဒီက အဆိုပါ အောင်မြင်မှုတွင် ဘလန့်က အဓိက ကျခဲ့ကြောင်း ဆိုသည်။

“ဒီရလဒ်မှာ နည်းပြရဲ့ ကဏ္ဍကို မီးမောင်းထိုးပြဖို့ လိုပါတယ်။ သူဟာ အရင်ကဆိုရင် ဝေဖန်စကားတွေ အများကြီးနဲ့ ကြုံခဲ့ရသူပါ။ ဒါပေမဲ့ ဒီပွဲကတော့ သူရဲ့ အောင်ပွဲပဲ ဖြစ်ပါတယ်”ဟု မာတွိုင်ဒီက မှတ်ချက်ပြုခဲ့သည်။ ၎င်းက “နည်းပြဟာ အသင်းရဲ့ နိုးကြားမှုကို ပုံအောပြီး မြှင့်တင်ပေးခဲ့တယ်။ သူလုပ်ခဲ့တာတွေက မှန်ကန်ပါတယ်။ သူဟာ ပထမပိုင်း အပြီးမှာ ကျွန်တော်တို့ တစ်ယောက်ချင်းစီကို သင့်တော်မှန်ကန်တဲ့ စိတ်ဓာတ်မြှင့်တင်ရေး စကားတွေ ပြောခဲ့တယ်။ ဒီပွဲကို ဖြတ်သန်းဖို့ ကျွန်တော်တို့မှာ လိုအပ်နေတဲ့ ယုံကြည်မှုမျိုး ပေးအပ်ခဲ့တယ်။ ဒီလိုနည်းပြမျိုးကို ပိုင်ဆိုင်ရလို့ ကျွန်တော်တို့အားလုံး ပျော်ရွှင်ပါတယ်။ သူနဲ့ ကျွန်တော်တို့ကြားမှာ ဘယ်တုန်းကမှ ပြဿနာ မရှိခဲ့ဘူး။ အခုဆို PSGဟာ ဆုဖလား လေးလုံးစာအတွက် မျှော်လင့်နိုင်တဲ့ တစ်ခုတည်းသော ဥရောပအသင်း ဖြစ်နေပါပြီ။ ကျွန်တော်တို့ အနေနဲ့ သမိုင်းဝင် အခြေအနေ တစ်ရပ်ရပ်ကို ဖန်တီးနိုင်မယ် ထင်ပါတယ်”ဟုလည်း ပြောကြားသွားသည်။

Soccer Myanmar

No comments:

Post a Comment