Pages
▼
Wednesday, April 1, 2015
ရိုးမားတွင် ဆက်ရှိမည်ဟု မသေချာကြောင်း နိုင်ဂိုလန် ဖွင့်ဟ
ရိုးမားတွင် ဆက်ရှိမည်ဟု မသေချာကြောင်း နိုင်ဂိုလန် ဖွင့်ဟ
မိမိအနေဖြင့် ရိုးမားအသင်းတွင် လာမည့်ရာသီ ဆက်ကစားဖြစ်မည်ဟု အာမမခံနိုင်ကြောင်း ကွင်းလယ် ကစားသမား ရက်ဒ်ဂျာ နိုင်ဂိုလန်က ပြောကြားလိုက်သည်။
လတ်တလောတွင် ရိုးမားအသင်းသည် ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမားကို အပြည့်အဝ ပိုင်ဆိုင်ရေးအတွက် ကက်ဂလီယာရီနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။ နိုင်ဂိုလန်ကို ရိုးမားနှင့် ကက်ဂလီယာရီတို့က အချိုးကျ ခွဲဝေ ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ၎င်းသည် ယခုရာသီ ရိုးမားနည်းပြ ရူဒီဂါစီယာ၏ အဓိက လက်ရုံးကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး အသင်းအတွက် (၃၆)ပွဲထိ ပါဝင် ကစားထားသည်။ သို့သော်လည်း နိုင်ဂိုလန်၏ အနာဂတ်သည် မရေမရာ ရှိနေဆဲဖြစ်ပြီး အသက်(၂၆)နှစ်အရွယ် ကစားသမားကို ပေါင်စတာလင် (၂၅)သန်း ဝန်းကျင်ဖြင့် ခေါ်ယူရန် လီဗာပူးလ်နှင့် မန်ချက်စတာ ယူနိုက်တက်တို့က စဉ်းစားနေကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။
ယခုအခါ နိုင်ဂိုလန် ကိုယ်တိုင်ကလည်း ရောမမြို့တော်တွင် နောက်ရာသီ ဆက်ရှိမည်ဟု အာမခံချက် မပေးလိုကြောင်း ပြောကြားလာခဲ့သည်။ “ကျွန်တော် ရိုးမားမှာ ဆက်နေဖို့ ဆိုတာလား။ လောလောဆယ် အနေအထားအရတော့ (၅၀)ရာခိုင်နှုန်းပဲ သေချာတယ်။ ဒါပေမဲ့ အချိန်တွေ ရှိပါသေးတယ်။ ကျွန်တော် ဘာမှ စိုးရိမ်မှု မရှိပါဘူး။ ရိုးမားနဲ့ ကက်ဂလီယာရီတို့ဟာ သဘောတူညီမှု တစ်ခုအတွက် ဆွေးနွေးနေဆဲပါ။ ကျွန်တော်ကတော့ ရိုးမားအတွက် (၁၀၀)ရာခိုင်နှုန်း အာရုံစိုက်ထားပါမယ်။ ရိုးမားဟာ အသင်းကောင်းတစ်ခုဖြစ်ပြီး ရောမမြို့ဟာလည်း နေလို့ သိပ်ကောင်းပါတယ်”ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။
နိုင်ဂိုလန်သည် ပြီးခဲ့သည့် လပိုင်းက ချီယေဗို ကွင်းလယ်လူ ဖက်ဒရေကို မက်တိုင်လိုကို ဘောလုံးယှဉ်လုရင်း မက်တိုင်လို၏ ခြေထောက် ကျိုးသွားမှုအပေါ် မီဒီယာများက မိမိကို ပြင်းပြင်းထန်ထန် ဝေဖန်မှု မပြုသင့်ဟုလည်း ဖြေရှင်းခဲ့သည်။ “မက်တိုင်လိုရဲ့ ဒဏ်ရာရပုံ ဓာတ်ပုံတွေကို ဖော်ပြရင်း ဒါဟာ ကျွန်တော့် အပြစ်ကြောင့်လို့ စွပ်စွဲနေတာကတော့ မမျှတပါဘူး။ ဘောလုံးကို ယှဉ်လုချိန်မှာ ဒိုင်လူကြီးက မက်တိုင်လိုကိုတောင် ထုတ်ပစ်မယ့် အခြေအနေ ရှိခဲ့ပါတယ်။ ကျွန်တော့်ကို မဟုတ်ပါဘူး။ ဖြစ်ခဲ့တာအတွက် ကျွန်တော် တကယ့်ကို စိတ်မကောင်းတာပါ။ ကျွန်တော် သူ့ဆီ ချက်ချင်းပဲ Messageပို့ခဲ့ပါတယ်။ သူ့ဆီလည်း သွားချင်တာပါ။ ဒါပေမဲ့ သူနေတဲ့ နေရာက တော်တော်ဝေးတော့ လောလောဆယ် မဖြစ်နိုင်သေးလို့ပါ”ဟု နိုင်ဂိုလန်က ပြောကြားသွားသည်။
Soccer Myanmar
No comments:
Post a Comment