Pages
▼
Thursday, April 2, 2015
အီတလီနှင့်ပွဲတွင် ခြေစွမ်းပြသခဲ့သည့် ဘာကလေကို ဟော့ဂ်ဆန် ချီးကျူး
အီတလီနှင့်ပွဲတွင် ခြေစွမ်းပြသခဲ့သည့် ဘာကလေကို ဟော့ဂ်ဆန် ချီးကျူး
အီတလီနှင့် သရေကျခဲ့သည့် ပွဲတွင် ခြေစွမ်းပြသခဲ့သည့် အဲဗာတန် ကွင်းလယ်ကစားသမား ရော့စ်ဘာကလေသည် ပင်ကိုယ်ပါရမီ ထူးချွန်သူဖြစ်ကြောင်း အင်္ဂလန် မန်နေဂျာ ရွိုင်းဟော့ဂ်ဆန်က ချီးကျူးခဲ့သည်။
အသက် ၂၁ နှစ်အရွယ် ဘာကလေသည် ပွဲချိန် ၅၅ မိနစ်တွင် သီအိုဝဲလ်ကော့နေရာတွင် အစားထိုး ဝင်ရောက် ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့သည်။ ထို့နောက် ဟော့ဂ်ဆန်က ဘာကလေကို ချီးကျူးခဲ့သလို ချေပဂိုး သွင်းယူခဲ့သည့် အန်ဒရိုတောင်းဆန်ကိုလည်း ချီးကျူးခဲ့သည်။
“ဘာကလေက ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ သူနဲ့ တောင်းဆန်က ပွဲကို အလှည့်အပြောင်း ဖြစ်စေခဲ့တာပါ။ အထူးသဖြင့် ဘာကလေရဲ့ ခြေစွမ်းက တကယ့်ကို ကောင်းခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက အချိန်တိုင်းလိုလို ဘောလုံးပိုင်ဆိုင်နိုင်အောင် ကြိုးပမ်းခဲ့တာပါ။ နောက်ပြီး အန်ဒရိုကိုလည်း ချီးကျူးစကား ဆိုချင်ပါတယ်။ သူက အရန်ခုံကနေ ထလာပြီး အသင်းအတွက် လိုအပ်တဲ့အရာကို ပြုလုပ်နိုင်ခဲ့ပါတယ်” ဟု ဟော့ဂ်ဆန်က ပြောကြားခဲ့သည်။
ဆက်လက်ပြီး အင်္ဂလန် အသင်းခေါင်းဆောင် ဝိန်းရွန်နီက လူစားဝင် ကစားသမား မိုက်ကယ်ကာရစ်ကြောင့် ကစားပုံပိုကောင်းလာခဲ့ကြောင်း ဝန်ခံပြောကြားချက်အပေါ် ဟော့ဂ်ဆန်က ထောက်ခံခဲ့သည်။ သို့သော်လည်း မန်ချက်စတာယူနိုက်တက် ကွင်းလယ် ကစားသမား ကာရစ်အစား ဖီးလ်ဂျုံးစ်အား ပွဲထွက်ကစားသမား အဖြစ် ရွေးချယ်ခဲ့ခြင်းအပေါ် လီဗာပူးလ် မန်နေဂျာဟောင်းက ကာကွယ်ပြောကြားခဲ့သည်။
“မိုက်ကယ်က အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီနေရာက မိုက်ကယ်ရဲ့ နေရာမှာပါ။ ဒါပေမဲ့ ပထမပိုင်းမှာ ကျွန်တော်တို့က စမ်းသပ်မှု ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဖီးလ်ဂျုံးစ်ကို မိုက်ကယ်ရဲ့ နေရာမှာ ကစားစေခဲ့တာပါ။ သူက ခံစစ်ပိုင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်” ဟု ဟော့ဂ်ဆန်က ပြောကြားသွားခဲ့သည်။
Soccer Myanmar
No comments:
Post a Comment