Pages
▼
Saturday, April 4, 2015
ဘိုင်ယန်နှင့် ဂွာဒီယိုလာ အလျင်အမြန် စာချုပ်သက်တမ်းတိုးရန် လမ်းမျှော်လင့်နေ
ဘိုင်ယန်နှင့် ဂွာဒီယိုလာ အလျင်အမြန် စာချုပ်သက်တမ်းတိုးရန် လမ်းမျှော်လင့်နေ
နည်းပြ ဂျိုးဆက် ပက်ပ် ဂွာဒီယိုလာ အနေဖြင့် အသင်းနှင့် အမြန်ဆုံး စာချုပ်သစ် ချုပ်ဆိုသင့်ကြောင်း ဘိုင်ယန်မြူးနစ် အသင်းခေါင်းဆောင် ဖိလစ်လမ်းက တိုက်တွန်း ပြောကြားလိုက်သည်။
ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဂျာမနီအသင်း အနိုင်ရအောင် ဦးဆောင်မှု ပေးခဲ့ပြီး လက်ရွေးစင် ဘဝမှ အနားယူလိုက်ပြီဖြစ်သည့် တောင်ပံခံစစ်သမားက (၂၀၁၆)ခုနှစ်တွင် သက်တမ်းကုန်မည့် ဂွာဒီယိုလာ၏ စာချုပ်ကို အလျင်အမြန် သက်တမ်းတိုးရန် လိုလားလျက် ရှိသည်။ အသက်(၄၄)နှစ်ရှိ စပိန်နည်းပြသည် ဘာစီလိုနာကို (၂၀၁၃)ခုနှစ်၊ နွေရာသီက စတင်ကိုင်တွယ်ခဲ့ပြီး လက်ရှိအချိန်တွင် စာချုပ်သစ် ကိစ္စအတွက် အတည်ပြု ဆုံးဖြတ်မှု မရှိသေးချေ။ မန်ချက်စတာ စီးတီးအသင်းသည် ဂွာဒီယိုလာကို စိတ်ဝင်တစား စောင့်ကြည့်နေကြောင်း သတင်းများ ထွက်ပေါ်လာရာ လမ်းက နည်းပြအား စာချုပ်သစ်အတွက် အမြန်ဆုံး ဆွေးနွေးရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
လမ်းက “ဂွာဒီယိုလာ အနေနဲ့ စာချုပ်သစ်အတွက် လက်မှတ် ထိုးသင့်ပါတယ်။ တကယ်ပါ။ သူ့စာချုပ်ကို သက်တမ်းတိုးသင့်ပါတယ်”ဟု ဆိုသည်။ ၎င်းက “ဂွာဒီယိုလာက တကယ့်ကို ထူးကဲကောင်းမွန်တဲ့ နည်းပြတစ်ယောက်ပါ။ ဘိုင်ယန်မှာ သူ့လက်အောက်က ကစားပေးပြီး ကျွန်တော့် ကစားသမား ဘဝကိုတောင် အဆုံးသတ်ချင်တာပါ။ သူ့ကို ကလပ်အသင်းတင် မကဘဲ ကစားသမား တစ်ဦးချင်းစီက လိုလားမှု ရှိပါတယ်။ ဒါပေမဲ့ နည်းပြ တစ်ယောက်ရဲ့ ရပ်တည်မှုဟာ ပြင်းထန်တဲ့ တောင်းဆိုမှုတွေ အများကြီးကို ကြုံနေရတာပါ။ ဘိုင်ယန်လို အသင်းမှာ အဲဒီအခြေအနေက ပိုသိသာပါတယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။
လမ်းက “ဘိုင်ယန်လို အသင်းကို နည်းပြတာဝန် ယူရခြင်းဟာ အရမ်းကို အင်အားစိုက်ထုတ်ရပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ နည်းပြလို စိတ်ဓာတ်ခံယူချက်မျိုး၊ အလုပ်လုပ်နှုန်းမျိုး ရှိနေရင် ပိုပင်ပန်းပါတယ်။ ဒီအတွက်လည်း အသင်းမှာ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ပြန်စဉ်းစားဖို့ ကျွန်တော်တို့ အချိန်ပေးသင့်ပါတယ်။ ဂွာဒီယိုလာဟာ ဘိုင်ယန်နဲ့အတူ ချန်ပီယံလိဂ် ဆုဖလား တစ်လုံးလောက်တော့ ရယူဖို့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ အဲဒါက ဘယ်လောက်တောင် ခက်ခဲတယ် ဆိုတာကို ကျွန်တော်တို့အားလုံး အသိပဲ ဖြစ်ပါတယ်”ဟုလည်း ပြောကြားသွားသည်။
Soccer Myanmar
No comments:
Post a Comment