Pages
▼
Thursday, April 2, 2015
နွေရာသီတွင် ဟီဂူရင်းကို ချဉ်းကပ် ကမ်းလှမ်းရန် လီဗာပူးလ် စဉ်းစားနေ
နွေရာသီတွင် ဟီဂူရင်းကို ချဉ်းကပ် ကမ်းလှမ်းရန် လီဗာပူးလ် စဉ်းစားနေ
လီဗာပူးလ် အသင်းသည် နွေရာသီတွင် တိုက်စစ်ပိုင်း အင်အားဖြည့်တင်းရန် အဓိက ပစ်မှတ်အဖြစ် နာပိုလီ တိုက်စစ်မှူး ဂွန်ဇာလို ဟီဂူရင်းကို စောင့်ကြည့်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။
Goal.comက လီဗာပူးလ်သည် မာရီယို ဘာလော့တယ်လီနှင့် လမ်းခွဲပြီးနောက် အသက်(၂၇)နှစ် အရွယ်ရှိ အာဂျင်တီးနား လက်ရွေးစင်ကို အစားထိုး ခေါ်ယူနိုင်ရန် မျှော်လင့်နေကြောင်း ဖော်ပြခဲ့သည်။ ဟီဂူရင်းသည် လက်ရှိ ဘောလုံးရာသီ အကုန်တွင် အီတလီ စီးရီးအေမှ ထွက်ခွာရန် စဉ်းစားနေကြောင်း ကောလာဟလများ ပျံ့နှံ့နေသည်။ နာပိုလီကမူ ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်းကို ပိုမိုကောင်းမွန်သည့် စာချုပ်တစ်ရပ် ကမ်းလှမ်းကာ ဆက်လက် ထိန်းသိမ်းထားရန် ဆန္ဒရှိနေသည်။
ဟီဂူရင်း၏ အေးဂျင့်အဖြစ်ပါ တာဝန်ယူ ဆောင်ရွက်နေသည့် ၎င်း၏ ဖခင်က နာပိုလီ ဥက္ကဋ္ဌ အော်ရယ်လီယို ဒီလော်ရန်တေး၊ အားကစား ဒါရိုက်တာ ရီကာဒို ဘီဂွန်တို့နှင့် ယခုလကုန်တွင် တွေ့ဆုံပြီး ကစားသမား၏ အနာဂတ်အတွက် ဆွေးနွေးသွားဖွယ် ရှိနေသည်။ အကယ်၍ နာပိုလီသည် ရာသီကုန်တွင် ချန်ပီယံလိဂ် ဝင်ခွင့် မရရှိပါက ဟီဂူရင်းကို ဆက်လက် ထိန်းသိမ်းရန်မှာ အလွန်ခက်ခဲသွားမည် ဖြစ်သည်။ ဟီဂူရင်း၏ စာချုပ်သည် (၂၀၁၈)ထိ သက်တမ်းရှိနေသော်လည်း ကစားသမား၏ အခြေအနေ မတည်ငြိမ်မှုကို လီဗာပူးလ်က စိတ်ဝင်စားနေသည်။
လီဗာပူးလ်သည် ယခုရာသီတွင် တိုက်စစ်ပိုင်း၌ ပြဿနာများ ကြုံနေရပြီး ဘာလော့တယ်လီ ခြေစွမ်းမပြနိုင်ခြင်း၊ ဒန်နီရယ်လ် စတားရစ်ဂ်ျ ဒဏ်ရာများနှင့် ရုန်းကန်နေရခြင်းတို့ကြောင့် ဂိုးရရန် ကွင်းလယ်ကို ပိုမို အားပြုနေရသည်။
Soccer Myanmar
No comments:
Post a Comment