Pages
▼
Tuesday, May 5, 2015
တူရင်မြေမှာ ရီးရဲလ်မက်ဒရစ်ကို ရပ်တန့်ပစ်မယ့် ဂျူဗင်တပ် (ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်)
တူရင်မြေမှာ ရီးရဲလ်မက်ဒရစ်ကို ရပ်တန့်ပစ်မယ့် ဂျူဗင်တပ် (ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်)
အစဉ်အလာရှိတဲ့ဥရောပထိပ်သီးအသင်းနှစ်သင်းဖြစ်တဲ့ ဂျူဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ကို မနက်ဖြန်နံနက် ၁း၁၅ နာရီမှာ ရှုစားကြရမှာဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်လိုအဆင့်ကို မရောက်တာကြာပြီဖြစ်တဲ့ အီတလီကအအောင်မြင်ဆုံးအသင်း ဂျူဗင်တပ်ရဲ့ ပွဲစဉ်တွေကို ပြန်လည်ကြည့်ရှုရမှာလည်း ပရိသတ်တွေအတွက် အသစ်အဆန်းတစ်ခု ဖြစ်လာဦးမှာပါ။
ဆီမီးဖိုင်နယ်ပထမအကျော့ကို ဂျူဗင်တပ်အိမ်ကွင်း တူရင်မြို့မှာ အရင်ကစားကြရမှာဖြစ်ပါတယ်။
ဂျူဗင်တပ်အအသင်း အခြေအနေ
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို မတက်နိုင်ခဲ့တာ ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့ပြီဖြစ်တဲ့ဂျူဗင်တပ်အတွက် ဒီနှစ်မှာဆီမီးဖိုင်နယ်ပြန်တက်လာနိုင်ခဲ့တာ ထူးခြားမှုတစ်ခုဖြစ်ပါတယ်။ ဂျူဗင်တပ်ဟာ ဆီမီးဖိုင်နယ်ကို ၂၀၀၃ ခုနှစ်က နောက်ဆုံးရောက်ရှိခဲ့တာဖြစ်ပြီးအဲဒီတုန်းက ဗိုလ်လုပွဲမှာ အေစီမီလန်ကိုရှုံးနိမ့်ခဲ့ရပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတဲ့အသင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့တပတ်ကပဲ ဂျူဗင်တပ်ဟာ စီးရီးအေမှာဆမ်ဒိုးရီးယားအသင်းကို အနိုင်ယူပြီးနောက် အမှတ်ပေးချန်ပီယံ ဖြစ်သွားခဲ့ပါပြီ။ စီးရီးအေချန်ပီယံဂျူဗင်တပ်ရဲ့ ယုံကြည်မှုဟာ အမြင့်ဆုံးမှာရှိနေတဲ့ ရက်သတ္တပတ်လည်း ဖြစ်ပါတယ်။ ပြည်တွင်းအမှတ်ပေးပြိုင်ပွဲကိုလည်း လှည့်ကြည့်စရာမလိုတော့တဲ့အချိန်မှာ ဂျူဗင်တပ်ရဲ့ အာရုံစိုက်မှုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်ခုတည်းအပေါ်မှာပဲ ရှိနေမယ်ဆိုတာ သေချာလှပါတယ်။ ဂျူဗင်တပ်ရဲ့ ကစားပုံဟာ ဒီရာသီမှာ သိသိသာသာကောင်းမွန်လာခဲ့ပြီး ခံစစ်ပိုင်းတိုးတက်လာတဲ့အချိန်မှာ တိုက်စစ်ကလည်း ဂိုးရဖို့ မပူရတဲ့အခြေအနေဖြစ်နေပါတယ်။ စီးရီးအေမှာ ၃၄ ပွဲကစားထားတဲ့ ဂျူဗင်တပ်ဟာ ၁၉ ဂိုးပဲပေးထားရလို့ နှစ်ပွဲကိုတစ်ဂိုးနှုန်းလောက်ပဲ ပေးရတဲ့ အခြေအနေဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပွဲတွေမှာဆိုရင် အသင်းမှာ ဝါအရင့်ဆုံးဂိုးသမား ဘူဖွန်က လက်စွမ်းပြလေ့ရှိပြီး ခြောက်ပွဲဂိုးမပေးရအောင် စွမ်းဆောင်ထားနိုင်သူဖြစ်ပါတယ်။
ဒီဘက်နောက်ပိုင်းမှာ ဂျူဗင်တပ်ဟာ ချန်ပီယံလိဂ်အိမ်ကွင်းအားကောင်းတဲ့ အသင်းဖြစ်လာပြီး နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ်အိမ်ကွင်း ၁၂ ပွဲကို ရှုံးပွဲမရှိအောင် ကစားထားနိုင်တဲ့ အသင်းဖြစ်ပါတယ်။ နောက်ဆုံး ၁၇ ပွဲအတွင်းမှာ အိမ်ကွင်းပွဲစဉ်တစ်ပွဲပဲရှုံးထားတဲ့စံချိန်ကို ဂျူဗင်တပ်ရထားပါတယ်။ ကွာတားဖိုင်နယ်အဆင့်မှာ မိုနာကိုအသင်းကို နှစ်ကျော့ပေါင်း ပင်နယ်တီတစ်ဂိုးတည်းနဲ့ နိုင်ကာ ဒီအဆင့်ရေက်လာခဲ့တဲ့ ဆိုပေမယ့် ဂျူဗင်တပ်ရဲ့ ခံစစ်ကစားပုံကို ရီးရဲလ်မက်ဒရစ် မဖြစ်မနေ သတိထားရမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် အခြေအနေ
ရီးရဲလ်မက်ဒရစ်မှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ပတ်သတ်ပြီး အခြားအသင်းတွေနဲ့ မတူတဲ့ရည်မှန်းချက် တစ်ခုရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိချန်ပီယံဖြစ်လို့ ချန်ပီယံလိဂ် နှစ်ထပ်ကွမ်းချန်ပီယံဖြစ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ဂျူဗင်တပ်နည်းပြဟောင်လည်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီဟာ လာလီဂါမှာလည်း အမှတ်ပေးချန်ပီယံဖြစ်ဖို့ မသေချာဖြစ်နေတဲ့အတွက် ချန်ပီယံလိဂ်ဖလားကို ကာကွယ်နိုင်ခြင်းကာသာ သူ့ရဲ့ရာထူးကို အာမခံချက်ပေးနိုင်တဲ့အရာ ဖြစ်လာမှာပါ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ဟာ အီတလီမြေပေါ်မှာ အီတလီအသင်းကို နောက်ဆုံးအနိုင်ရထားခဲ့တာ ၂၀၀၄-၀၅ ဘောလုံးရာသီတုန်းက ဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်ဟာစံချိန်ကောင်းတွေရှိနေပေမယ့်လည်း အီတလီမြေမှာ နိုင်ပွဲမရတာ ဆယ်စုနှစ်တစ်ခုကြာမြင့်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ လက်ရှိခြေစွမ်းဟာ အကောင်းဆုံးပုံစံကိုရနေပြီး နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဆီဗီလာကို ၃-၂ ဂိုးနဲ့အနိုင်ရပြီးနောက် ၇ ပွဲဆက်တိုက် အနိုင်ရလာခဲ့ပါတယ်။
ဒဏ်ရာရပွဲပယ်သတင်းများ
ဧည့်သည်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အတွက် အဓိကထိုးနှက်ချက်ကတော့ ဒီပွဲစဉ်မှာ တိုက်စစ်မှူး ဘန်ဇီမား မပါဝင်နိုင်တာဖြစ်ပါတယ်။ ဘင်ဇီမားက ဒူးဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အသလက်တီကိုနဲ့ပွဲမှာ သူရဲကောင်းဖြစ်ခဲ့တဲ့ ဟာနန်ဒက်ဇ်ပဲ ပွဲထွက်လာဦးဖို့ ရှိနေပါတယ်။ ရီးရဲလ်အတွက် ချန်ပီယံလိဂ် ငါးဂိုးသွင်းထားတဲ့ ဂါရက်ဘေးလ်ကတော ပွဲထွက်လာဖို့ရှိပါတယ်။ လူကာမိုဒရစ် မပါနိုင်သေးတဲ့ အတွက် ရာမို့စ်ကကွင်းလယ်မှာ ကစားပေးရဦးမယ့် သဘောမှာ ရှိပါတယ်။
ဂျူဗင်တပ်ကတော့ အရင်ပွဲတွေကိုလွဲချော်ခဲ့တဲ့ ပေါ့ဂ်ဘာမပါနိုင်ပဲ ကစားရဦးမှာဖြစ်ပါတယ်။ ရီးရဲလ်ကြယ်ပွင့် ကစားသမားရော်နယ်ဒိုနဲ့ မန်ယူမှာ တစ်သင်းတည်းကစားခဲ့ကြဖူးတဲ့ အီဗရာနဲ့ တိဗက်ဇ်တို့ ဂျူဗင်တပ်ပွဲထွက် စာရင်းမှာ ပါလာဖို့ရှိနေပါတယ်။ နောက်ထပ်အဓိက ကစားသမားဖြစ်တဲ့ ဆီဆီရက်စ် မပါနိုင်သေးပါဘူး။
ထိပ်တိုက်တွေ့ဆုံမှု
ထိပ်တိုက်တွေ့ဆုံမှု ၁၆ ကြိမ်ရှိထားရာမှာ သရေကျတဲ့ပွဲတစ်ပွဲပဲရှိပြီး ရီးရဲလ်မက်ဒရစ်က ၈ ကြိမ်နိုင်ကာ၊ ဂျူဗင်တပ်က ၇ ကြိမ်နိုင်ထားပါတယ်။ အစဉ်အလာတွေ့ဆုံမှုအရတော့ တစ်သင်းနဲ့တစ်သင်း အသာစီးရမှုဆိုတာ သိပ်မရှိပါဘူး။ ၁၉၉၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒီနှစ်သင်းတွေ့ခဲ့ပြီး ရီးရဲလ်မက်ဒရစ်က မီယာတိုဗစ်ရဲ့ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၈ တုန်းကလည်း ဘာနေဗျူးမှာ ဂျူဗင်တပ်က ဒဲလ်ပီယာရိုရဲ့ ဂိုးနဲ့နိုင်ခဲ့ဖူးပါတယ်။ ဂျူဗင်တပ်ကွင်းမှာ ရီးရဲလ်မက်ဒရစ် အနိုင်မရတာတော့ အချိန်ကာလအတော် ကြာမြင့်နေခဲ့ပြီဖြစ်ပါတယ်။
သုံးသပ်ချက်
ခြေစွမ်းနဲ့ လူစာရင်းအရ ရီးရဲလ်မက်ဒရစ်က သာလွန်တယ်ဆိုတာ ငြင်းလို့မရတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျူဗင်တပ်ဟာ ဖိအားကင်းကင်းနဲ့ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ရမယ့်အသင်းဖြစ်ပါတယ်။ တိုက်စစ်မှူးဘန်ဇီမားကို ဆုံးရှုံးထားရတာက ရီးရဲလ်မက်ဒရစ်အတွက် ကြီးမားတဲ့နစ်နာမှုဖြစ်ပါတယ်။ အမြင့်ဆုံး ယုံကြည်ချက်ရှိနေတဲ့ ဂျူဗင်တပ်ကြောင့် ရီးရဲလ်မက်ဒရစ် အခက်တွေ့မှာ သေချာပါတယ်။
ခံစစ်ကောင်းမွန်တဲ့ ဂျူဗင်တပ်ဘက်ကိုရီးရဲလ်မက်ဒရစ် အလွယ်တကူဂိုးသွင်းဖို့ မဖြစ်နိုင်ပါဘူး။ ရီးရဲလ်မက်ဒရစ် ဂိုးစရသွားရင်တော့ နှစ်ဖက်သွင်းဂိုး များသွားနိုင်ပါတယ်။ ဂျူဗင်တပ်လုံးဝမရှုံးနိုင်ပါဘူး။ ရီးရဲလ်မက်ဒရစ်အတွက် အမြင့်ဆုံး သရေလောက်ပါပဲ။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဂျူဗင်တပ်
ဂိုး – ဘူဖွန်
နောက် – လစ်ခ်ျစတိန်နာ၊ ဘာဇာဂလီ၊ ဘိုနုချီ၊ ချီလီနီ၊ အီဗရာ
လယ် – ပီယာလို၊ ဗီဒယ်၊ မာချီဆီယို၊
ရှေ့ – တိဗက်ဇ်၊ လိုရန်တေး
ရီးရဲလ်မက်ဒရစ်
ဂိုး – ကာဆီးလက်
နောက် – ကာဗာရယ်၊ ဗာရန်း၊ ပီပီ၊ မာဆယ်လို
လယ် – ရာမို့စ်၊ ကရူးစ်၊ ဂျိမ်းစ်၊
ရှေ့ – ဂါရက်ဘေးလ်၊ ရော်နယ်ဒို၊ ဟာနန်ဒက်ဇ်
Soccer Myanmar
No comments:
Post a Comment