Pages
▼
Saturday, May 9, 2015
ဒီပေးသည် မက်ဆီကဲ့သို့ တောင်ပံမှ ထိုးဖောက်ပြီး ဂိုးသွင်းနိုင်သူ တစ်ဦးဟု ဗန်ဂါးလ် ညွှန်းဆို
ဒီပေးသည် မက်ဆီကဲ့သို့ တောင်ပံမှ ထိုးဖောက်ပြီး ဂိုးသွင်းနိုင်သူ တစ်ဦးဟု ဗန်ဂါးလ် ညွှန်းဆို
မမ်းဖစ်ဒီပေးသည် လီယွန်နယ် မက်ဆီကဲ့သို့ပင် တောင်ပံတွင် ကစားရင်း ဂိုးများသွင်းယူနိုင်သည့် ကစားသမားတစ်ဦးဟု မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က ညွှန်းဆိုလိုက်သည်။
ယူနိုက်တက်သည် အသက်(၂၁)နှစ်အရွယ် နယ်သာလန် လက်ရွေးစင်ကို ပေါင်စတာလင် (၂၂)သန်း ဝန်းကျင်ဖြင့် PSV အင်ဒိုဗန်ထံမှ စာချုပ်ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့သည်။ ဒီပေးသည် ယခုရာသီ နယ်သာလန်လိဂ် ချန်ပီယံ ဖြစ်လာသည့် PSV အသင်းတွင် (၂၈)ပွဲ၌ (၂၁)ဂိုး သွင်းယူခဲ့သူ ဖြစ်သည်။ “ဒီပေးက ဂိုးတွေသွင်းယူနိုင်တဲ့ တောင်ပံသမားပါ။ ကမ္ဘာပေါ်မှာ ဒါမျိုး ကစားသမား များများစားစား မရှိလှဘူး။ မက်ဆီဟာ အဲဒီလို ကစားသမားမျိုး တစ်ယောက်ပါ။ ထားပါတော့။ အခုအချိန်မှာ ကျွန်တော်တို့ ဒီကိစ္စတွေထက် ခရစ္စတယ်လ် ပဲလေ့စ် အပါအဝင် ရှေ့ဆက် ကစားရမယ့် သုံးပွဲအတွက်ပဲ အာရုံစိုက်ရပါမယ်။ ဒါက ပိုပြီး အရေးကြီးပါတယ်”ဟု ဗန်ဂါးလ်က MUTVသို့ ပြောကြားခဲ့သည်။
၎င်းက ဒီပေးကို PSG အသင်းက အလေးအနက် ချဉ်းကပ်လာသည့်နောက် မူလရည်မှန်းထားသည်ထက် မဖြစ်မနေ အချိန်စော၍ ခေါ်ယူခဲ့ရကြောင်းလည်း ဝန်ခံခဲ့သည်။ ဗန်ဂါးလ်က “အသင်းမန်နေဂျာ အနေနဲ့ ကျွန်တော်က ဒါကို စီမံကိုင်တွယ်ဖို့ တာဝန်ရှိလာပြီ။ သူက PSGကို ရောက်သွားဖို့ ဖြစ်နိုင်ခြေ ရှိနေတယ်။ ဒါကြောင့်လည်း ကျွန်တော် ဒီပေးကို လက်မှတ်ထိုး စာချုပ် ခေါ်ယူလိုက်တာပါပဲ။ ဒါကို တစ်ရက်အတွင်း အပြီးအပြတ် လုပ်ခဲ့တာပါ။ ဒါပေမဲ့ လောလောဆယ် အသင်းအတွက် အရေးကြီးတာက လာမယ့် ပဲလေ့စ်နဲ့ပွဲကို အာရုံစိုက်ထားဖို့ပါ”ဟု ဆိုသည်။ ၎င်းက “ကျွန်တော့် အနေနဲ့ ကစားသမားတွေကို စောစောစီးစီး ခေါ်ယူထားချင်ပါတယ်။ ဒါပေမဲ့ အမြဲတမ်းတော့ ဒါမျိုး မဖြစ်နိုင်ဘူးလေ။ အခွင့်အရေးတစ်ခု ရှိလာတဲ့အခါ ဒါကို ကိုင်တွယ် စီမံပြီး တိုက်ရိုက်ကျကျ လုပ်လိုက်ရပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ရင် ရာသီသိမ်းပြီးမှ လူဝယ်ချင်ပါတယ်။ မဟုတ်ရင် အသင်းရဲ့ ပွဲအပေါ် အာရုံစိုက်မှုတွေမှာ ရိုက်ခတ်လာနိုင်ပါတယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။
ယူနိုက်တက်၏ ဂန္ထဝင် ခံစစ်မှူးဟောင်း တစ်ဦးဖြစ်ခဲ့သည့် ယပ်စတမ်းကလည်း ဒီပေးသည် အသင်း၏ ကြယ်တစ်ပွင့် ဖြစ်လာမည်ဟု ထောက်ခံခဲ့သည်။ စတမ်းသည်လည်း (၁၉၉၈)ခုနှစ်က PSVမှ ယူနိုက်တက်သို့ ပြောင်းရွှေ့ ကစားခဲ့သူဖြစ်ပြီး သမိုင်းဝင် (၁၉၉၉)ခုနှစ် ဖလားသုံးလုံး ဆွတ်ခူးမှုတွင် အဓိက နေရာမှ ပါဝင်ခဲ့သူ ဖြစ်သည်။ PSVတွင် ဒီပေး၏ ခြေစွမ်းကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့သည့် နယ်သာလန် လက်ရွေးစင်ဟောင်းက “သူက ကွာလတီမြင့် ကစားသမား တစ်ယောက်ပါ။ ယူနိုက်တက်က အမြဲတမ်း တိုက်စစ်ဆင်ဖို့ ကြိုးစားနေတာဖြစ်တဲ့အတွက် မြန်နှုန်းသိပ်ကောင်းပြီး တစ်ဦးချင်း ထိုးဖောက်မှုတွေ လုပ်နိုင်တဲ့၊ ဂိုးတွေသွင်းနိုင်တဲ့ ကစားသမားတွေကို အမြဲတမ်း စိတ်ဝင်စားလေ့ ရှိပါတယ်။ ဒီပေးဟာ အဲဒီလို တစ်ယောက်ပါ။ ဒါကို အခုရာသီ နယ်သာလန်လိဂ်မှာ သူ့အနေနဲ့ သက်သေပြပြီးပါပြီ။ လက်ရွေးစင် အသင်းမှာရောပေါ့။ အခုတော့ သူက ယူနိုက်တက်ကို ပြောင်းဖြစ်ခဲ့ပါပြီ။ ပြီးတော့ သူ့အကြောင်း ကောင်းကောင်းသိတဲ့ မန်နေဂျာနဲ့ အလုပ်တွဲလုပ်ရမှာ ဖြစ်တဲ့အတွက် သူအောင်မြင်ပါလိမ့်မယ်”ဟု ပြောကြားသွားသည်။
Soccer Myanmar
No comments:
Post a Comment