Pages
▼
Monday, May 4, 2015
နောက်ထပ် အောင်မြင်မှုများ ရယူရန် ဆာလောင်နေကြောင်း မော်ရင်ဟိုဖွင့်ဟ
နောက်ထပ် အောင်မြင်မှုများ ရယူရန် ဆာလောင်နေကြောင်း မော်ရင်ဟိုဖွင့်ဟ
ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပြီးသော်လည်း နောက်ထပ် အောင်မြင်မှုများကို ဆာဆာလောင်လောင် ရှာဖွေသွားမည်ဖြစ်ကြောင်း ချယ်လ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ပြောကြားလိုက်သည်။
ချယ်လ်ဆီးသည် တစ်ရာသီလုံး ခြေစွမ်းတည်တည်ငြိမ်ငြိမ် ဖြတ်သန်းပြီးနောက် အမှတ်ပေးပွဲစဉ် (၃)ပွဲလက်ကျန် ရှိနေသေးချိန်တွင်ပင် ချန်ပီယံဆုကို စောစီးစွာ ဆွတ်ခူး သိမ်းပိုက်နိုင်ခဲ့သည်။ မော်ရင်ဟိုက မိမိ၏ အသင်းသည် ချန်ပီယံဆုနှင့် အကြွင်းမရှိ ထိုက်တန်ကြောင်း ကြုံးဝါးခဲ့သလို နောက်ထပ် အောင်မြင်မှုများစွာ ရှာဖွေသွားလိုကြောင်း ဖွင့်ဟခဲ့သည်။ ချယ်လ်ဆီးသည် အီဒင်ဟာဇက်၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် စတမ်းဖို့ဒ်ဘရစ်ဂ်ျတွင် ခရစ္စတယ်လ် ပဲလေ့စ်ကို အနိုင်ယူကာ (၅)နှစ်အတွင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာခဲ့သည်။
မော်ရင်ဟိုသည် ကလပ်အသင်း အများအပြားတွင် ၎င်းဘဝ၏ (၂၂)ခုမြောက် ဆုဖလားကို ကိုင်မြှောက်ခွင့် ရလာခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ပျမ်းမျှပွဲစဉ် (၃၄)ပွဲ ကိုင်တွယ်တိုင်း ဆုဖလားတစ်လုံး ရရှိသည့် သဘောလည်း ဖြစ်သည်။ မော်ရင်ဟိုက “နောက်ထပ် ဆုဖလားတွေ ရယူဖို့ ကျွန်တော် ကြိုးစားဦးမှာပါ။ ကျွန်တော်ကတော့ အမြဲတမ်း ကြိုးစားနေမှာပါပဲ။ ကိုယ်က ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ပြီး ချန်ပီယံ ဖြစ်လာတဲ့အခါ ဒါဟာ ထိုက်တန်တဲ့ အောင်မြင်မှု တစ်ခုလို့ ခံစားမိမှာပါပဲ။ ဒီခံစားချက်က သိပ်ကောင်းပါတယ်”ဟု ဆိုသည်။
၎င်းက “ကျွန်တော့်အတွက်တော့ ဒါဟာ ထူးကဲတဲ့ ခံစားမှုပါ။ ကျွန်တော်က ကလပ်အသင်းနဲ့ သက်ဆိုင်ရာ နိုင်ငံတစ်ခုခုကို ရွေးချယ်ရာမှာ စမတ်အကျဆုံး လူမျိုးတော့ မဟုတ်ဘူး။ ချန်ပီယံဆုအတွက် အလွယ်တကူ ဖြစ်မြောက်နိုင်မယ့် လိဂ်တစ်ခုကို ကျွန်တော် ရွေးကောင်းရွေးမိလိမ့်မယ်။ ဒါပေမဲ့ အခုတော့ ဥရောပမှာ အခက်ခဲဆုံး အမှတ်ပေးပြိုင်ပွဲကို ကျွန်တော် ရွေးချယ်ခဲ့ပြီ။ ကျွန်တော် အရဲစွန့်ခဲ့တယ်။ အဲဒီကနေ အခုလို အောင်မြင်လာတော့ ပျော်ပါတယ်။ ကျွန်တော် နောက်ထပ် ပရီးမီးယားလိဂ် ချန်ပီယံဆု တစ်ခုကို ရလာပြန်ပြီး ပထမတစ်ကြိမ် ချယ်လ်ဆီးကို ကိုင်တွယ်ခဲ့ပြီး နောက်ထပ် ရှစ်နှစ်၊ ကိုးနှစ်၊ ဆယ်နှစ်လောက် အကြာမှာ အခုလို ပြန်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်”ဟုလည်း ပြောကြားသွားသည်။
Soccer Myanmar
No comments:
Post a Comment