Pages
▼
Monday, May 4, 2015
အရန်ခုံတွင် ထိုင်နေရသော ဘဝကို ငြီးငွေ့နေဟု ဟာနန်ဒက်ဇ် ဖွင့်ဟ
အရန်ခုံတွင် ထိုင်နေရသော ဘဝကို ငြီးငွေ့နေဟု ဟာနန်ဒက်ဇ် ဖွင့်ဟ
အရန်ခုံတွင်သာ အချိန်တိုင်းလိုလို ထိုင်နေရသည့် ဘဝမျိုးအတွက် မိမိ မပျော်ပိုက်နိုင်တော့ကြောင်း ရီးယဲလ်မက်ဒရစ် တိုက်စစ်မှူး ဟာဗီးယား ဟာနန်ဒက်ဇ်က ဝန်ခံပြောကြားလိုက်သည်။
မန်ချက်စတာ ယူနိုက်တက်မှ ရီးယဲလ်သို့ အငှားသွားရောက် ကစားနေသည့် မက္ကစီကို လက်ရွေးစင်သည် ရာသီကုန်တွင် ဘာနေဗျူးသို့ အပြီးသတ် ပြောင်းရွှေ့ခွင့်အတွက် ကြိုတင် သဘောတူညီမှု ရယူထားသည်။ သို့သော်လည်း ၎င်းသည် ရီးယဲလ် တိုက်စစ်တွင် ကာရင်မ်ဘန်ဇီးမား၏ အရန်အဖြစ်သာ အသုံးပြုခြင်း ခံနေရပြီး ပွဲအများစုတွင် အရန်ခုံ၌သာ ရှိနေခဲ့သည်။ အက်သလက်တီကို မက်ဒရစ်နှင့် ချန်ပီယံလိဂ် ပွဲစဉ်တွင်မူ ၎င်းက ပွဲထွက်ခွင့် ရခဲ့ပြီး အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။
ဟာနန်ဒက်ဇ်က စိတ်ရှည်ခြင်း၏ ကောင်းကျိုးကို ခံစားခဲ့ရသည့်အတွက် ဝမ်းမြောက်မိသော်လည်း လက်ရှိ အနေအထားအရ စပိန်ကလပ်တွင် ရေရှည် ဆက်နေဖြစ်ဖွယ် မရှိဟု အရိပ်အမြွက် ဖွင့်ဟခဲ့သည်။ “ဒီရာသီ ဖြတ်သန်းမှုက တကယ့်ကို ရှုပ်ထွေးပါတယ်။ ဒါပေမဲ့ ဘောလုံးမှာက အရာရာ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတတ်တယ်။ အခုတော့ ကျွန်တော် ပွဲကစားဖို့ အခွင့်အလမ်း နည်းနည်း ပိုရလာတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့် မိဘတွေက စိတ်ရှည်ရှည်ထားဖို့နဲ့ အခွင့်အရေးတိုင်းကနေ သင်ယူဖို့ ဆုံးမလေ့ ရှိပါတယ်။ ကျွန်တော့် အနေနဲ့ ထိပ်တန်း အသင်းတစ်ခုကနေ အများကြီး သင်ယူနေတာပါ။ ဒါပေမဲ့ တချို့သော အချိန်တွေမှာ ကျွန်တော့် စိတ်ပျက်မှုကို ထုတ်ပြောခဲ့ပါတယ်။ သေချာတာကတော့ အရန်ခုံမှာ ထိုင်နေရတာကို ကျွန်တော် ဘယ်တော့မှ မရောင့်ရဲပါဘူး။ ဒီထက်ပိုပြီးပဲ မျှော်လင့်နေတာပါ”ဟု ဟာနန်ဒက်ဇ်က ဖွင့်ဟသွားသည်။
Soccer Myanmar
No comments:
Post a Comment