Pages

Friday, June 19, 2015

မန်ချက်စတာယူနိုက်တက် ပစ်မှတ် ဟယ်ရီကိန်း တော့တင်ဟမ်တွင် ပျော်ရွှင်နေဟုဆို



မန်ချက်စတာယူနိုက်တက် ပစ်မှတ် ဟယ်ရီကိန်း တော့တင်ဟမ်တွင် ပျော်ရွှင်နေဟုဆို

မန်ချက်စတာယူနိုက်တက်၏ စိတ်ဝင်စားခြင်းကို ခံရသည့်အတွက် ဂုဏ်ယူမိကြောင်း၊ သို့သော်လည်း လာမည့်နှစ် ဘောလုံးရာသီတွင် တော့တင်ဟမ်ဟော့စပါး အတွက်သာ အပြည့်အဝ အာရုံစိုက်သွားမည် ဖြစ်ကြောင်း ဟယ်ရီကိန်းက ပြောကြားလိုက်သည်။

အသက် ၂၁ နှစ်အောက် အင်္ဂလန်အသင်း တိုက်စစ်မှူး ကိန်းက မိမိအနေဖြင့် ဝှိုက်ဟတ်လိန်းတွင်သာ ဆက်နေရန် ဆန္ဒရှိကြောင်း၊ တော့တင်ဟမ်သည် အင်္ဂလန်၏ ထိပ်တန်းအသင်းများအနက် တစ်သင်းအပါအဝင် ဖြစ်ကြောင်း ဆိုခဲ့သည်။

“ကျွန်တော် စပါးမှာ ပျော်နေပါတယ်။ ကျွန်တော့်ရဲ့ အနာဂတ်ကလည်း စပါးအသင်းနဲ့ ဆက်ရှိသွားမှာပါ။ ကျွန်တော့်ကို အခြားအသင်းတွေက စိတ်ဝင်စားနေတယ်လို့ သိထားပါတယ်။ အဲ့ဒီအတွက်လည်း ဂုဏ်ယူမိပါတယ်” ဟု ကိန်းက ပြောကြားခဲ့သည်။

ကိန်းသည် အင်္ဂါနေ့က ပေါ်တူဂီကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော အသက် ၂၁ နှစ်အောက် ဥရောပချန်ပီယံရှစ်ပွဲတွင် အင်္ဂလန်အသင်းအတွက် ပွဲထွက်ပါဝင်ကစားခဲ့သည်။

၎င်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက စပါးအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၃၁ ဂိုး သွင်းယူခဲ့ပြီးနောက် PFA ၏ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရသည်။

ထို့နောက်တွင် ပရီးမီးယားလိဂ် ထိပ်သီးအသင်းဖြစ်သော မန်ချက်စတာယူနိုကတက်က ပေါင် သန်း ၄၀ ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။

ပရီးမီးယားလိဂ် ထိပ်တန်းအသင်းများ၏ ကမ်းလှမ်းမှုကို ပယ်ချရန် ခက်ခဲနိုင်သလားဟု မေးမြန်းမှုအပေါ် ကိန်းက “တော့တင်ဟမ်ကလည်း အသင်းကြီးတစ်သင်း ဖြစ်ပါတယ်။ ဒါကတော့ လူတွေရဲ့ အမြင်အပေါ်မှာပဲ မူတည်တာပါ။ ကျွန်တော်က အသင်းကြီးတစ်သင်းမှာ ကစားနေတဲ့သူပါ” ဟု ဖြေကြားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment