Pages
▼
Thursday, June 18, 2015
ကိုပါအမေရိကဖလား ပြိုင်ပွဲတွင် ဘရာဇီးလ် တိုက်စစ်မှူးနေမာ အနီကတ်ပြ ထုတ်ပယ်ခံရ
ကိုပါအမေရိကဖလား ပြိုင်ပွဲတွင် ဘရာဇီးလ် တိုက်စစ်မှူးနေမာ အနီကတ်ပြ ထုတ်ပယ်ခံရ
ကိုပါအမေရိကဖလား အုပ်စုပွဲစဉ်အဖြစ် ကိုလံဘီယာကို အရေးနိမ့်ခဲ့သည့် ပွဲစဉ်အပြီးတွင် ဘရာဇီးလ် နာမည်ကျော် တိုက်စစ်မှူး နေမာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။
ဘာစီလိုနာ အသင်း၏ ကစားသမားသည် ပထမပိုင်း မပြီးခင် အဝါကတ် ထိခဲ့ပြီး ပွဲအပြီးတွင် အနီကတ် ပြသခံခဲ့ရခြင်း ဖြစ်သည်။ ကိုလံဘီယာက (၁-၀)ဖြင့် အနိုင်ရသည့် ပွဲအပြီးတွင် ဒိုင်လူကြီး အန်ရီကေး အော့ဆန်က ပွဲသိမ်းခရာ မှုတ်လိုက်သည့်နောက် နေမာက ကိုလံဘီယာ ကစားသမား တစ်ဦးကို ဘောလုံးဖြင့် ချိန်ကန်သဖြင့် အနီကတ် ပြသခံရခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်နှင့်အတူ နှစ်ဖက်အသင်း ကစားသမားများ အချင်းများခဲ့ကြပြီး ဒိုင်လူကြီး အော့ဆန်က ကိုလံဘီယာဘက်မှ ကားလို့စ် ဘက္ကာကိုပါ ထုတ်ပယ်ခဲ့သည်။
ယခုပွဲတွင် ကိုလံဘီယာ ခံစစ်မှူး ဂျီဆန် မာရိုင်လိုက အရေးပါသည့် တစ်လုံးတည်းသောဂိုးကို ပထမပိုင်းတွင် သွင်းယူထားခဲ့သည်။ ဘရာဇီးလ် တိုက်စစ်သမား ရောဘတ်တို ဖာမီနို အနေဖြင့် ချေပဂိုး ရရှိနိုင်သော အခွင့်အလမ်းမျိုး ရခဲ့သော်လည်း ဘောလုံးကို ဂိုးဘားတန်း ကျော်ကန်မိသဖြင့် နစ်နာခဲ့ရသည်။ ဘရာဇီးလ်သည် ကိုလံဘီယာကို အနိုင်ရခဲ့ပါက ကွာတားဖိုင်နယ် တက်ရောက်ရန် သေချာမည် ဖြစ်သော်လည်း ယခုအခါ ဗင်နီဇွဲလားနှင့် အဆုံးအဖြတ် ပွဲစဉ်ရလဒ်ကို စောင့်မျှော်ရတော့မည် ဖြစ်သည်။
“ကိုလံဘီယာဟာ အတွေ့အကြုံ သိပ်ကို ရင့်ကျက်တဲ့ အသင်းကောင်း တစ်ခုဆိုတာကို ပြသသွားတာပါပဲ။ သူတို့ရဲ့ ဆွကစားတဲ့ ပုံစံမှာ ကျွန်တော့် ကစားသမားတွေ တော်တော်လေး အချိန်ကြာကြာ နစ်မြောပြီး ဘောလုံးကို အာရုံစိုက် ကစားဖို့တောင် မေ့နေခဲ့ပါတယ်”ဟု ဘရာဇီးလ် နည်းပြ ဒွန်ဂါက ပြောကြားသွားသည်။ ဘရာဇီးလ်သည် အဓိက တိုက်စစ်မှူး နေမာ၏ အနီကတ်ကြောင့် ရှေ့ပွဲစဉ်များတွင် အခက်အခဲများ ကြုံရမည့် အလားအလာလည်း ရှိလာခဲ့သည်။
Soccer Myanmar
No comments:
Post a Comment