လီဗာပူးလ် မန်နေဂျာ ဘရန်ဒန် ရော့ဂျာက အသင်း၏ လူငယ်ကစားသမားလေး ရာဟင်မ် စတာလင်ကို သက်တမ်းတိုး စာချုပ်နိုင်ရန် နီးစပ်နေပြီဟု ပြောကြားခဲ့သည်။
အသက်(၂၀)အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ်သမားလေးကို ရီးယဲလ်မက်ဒရစ်က မျက်စိကျနေသည်ဆိုသော သတင်းများကြောင့် လီဗာပူးလ်က ကာလရှည် သက်တမ်းတိုး စာချုပ်တစ်ရပ်ဖြင့် ဆက်လက် ထိန်းသိမ်းထားရန် ကြိုးပမ်းနေသည်။ စတာလင်၏ စာချုပ်သည် သက်တမ်း(၂)နှစ် ကျန်နေသေးသော်လည်း လီဗာပူးလ်က ၎င်းကို အန်းဖီးလ်တွင် သေချာပေါက် ဆက်ရှိနေစေရေးအတွက် ကာလရှည် စာချုပ်သစ်တစ်ရပ် စီစဉ်နေခြင်း ဖြစ်သည်။ ရော့ဂျာက အသင်းသည် စတာလင်၏ ကိုယ်စားလှယ်များနှင့် စာချုပ်သစ်ကိစ္စ စတင် ဆွေးနွေးနေပြီဟု ဆိုသည်။
၎င်းက “ကလပ်အနေနဲ့ စတာလင်ရဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ စကားပြောနေပါတယ်။ သိပ်မကြာခင် အချက်အလက်အသစ်တွေ သဘောတူညီလာဖို့ မျှော်လင့်တယ်။ ကစားသမားက အသင်းမှာ ပျော်ရွှင်နေပြီးသားပါ။ သူက ဒီမှာ ဆက်ရှိစေချင်တယ်။ ဒါကြောင့် စာချုပ်သစ် ကိစ္စက ချောချောမောမော အပြီးသတ်နိုင်မယ်လို့ ထင်ပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။ ရော့ဂျာက ဒဏ်ရာကြောင့် ဩဂုတ်လ (၃၁)ရက်နေ့ ကတည်းက မကစားနိုင်ဘဲ အနားယူနေရသည့် တိုက်စစ်မှူး ဒန်နီရယ်လ် စတားရစ်ဂ်ျ၏ ကြံ့ခိုင်မှု တိုးတက်လာအောင် စောင့်ဆိုင်းနေဆဲဟုလည်း ပြောကြားခဲ့သည်။
“သူ့အခြေအနေကို ကျွန်တော်တို့ စောင့်ကြည့်နေတုန်းပါ။ ဒီတစ်ပတ်ထဲမှာတော့ သူအသင်းမှာ ကစားနိုင်ဖို့ မရှိသေးပါဘူး”ဟု ရော့ဂျာက ပြောဆိုသွားသည်။
Soccer Myanmar

No comments:
Post a Comment