Pages

Tuesday, March 10, 2015

ယာယာတိုရေးကြောင့် မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့ရခြင်း ဖြစ်ကြောင်း ဘိုနီ ဝန်ခံ



ယာယာတိုရေးကြောင့် မန်စီးတီးသို့ ပြောင်းရွှေ့ခဲ့ရခြင်း ဖြစ်ကြောင်း ဘိုနီ ဝန်ခံ

မန်ချက်စတာစီးတီးသို့ ပြောင်းရွှေ့ခဲ့ရခြင်း၏ အဓိက အကြောင်းအရင်းမှာ ယာယာတိုရေးကြောင့် ဖြစ်ကြောင်း ဝီလ်ဖရိုင်းဘိုနီက ထုတ်ဖော် ပြောကြားလိုက်သည်။

အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးသည် ဇန်နဝါရီလက ပေါင် ၂၈ သန်း ဖြင့် ဆွမ်ဆီးစီးတီးမှ အီတီဟတ်ကွင်းသို့ ပြောင်းရွှေ့ခဲ့သူ ဖြစ်သည်။ ဘိုနီသည် အိုင်ဗရီကို့စ်အသင်းနှင့်အတူ အာဖရိကနိုင်ငံများ ဖလားတွင် ပါဝင်ခဲ့ပြီးနောက် မန်စီးတီးသို့ အပြီးသတ် ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် မန်စီးတီးသို့ မပြောင်းရွှေ့မီ ယာယာတိုရေး၊ ၎င်း၏အကို ကိုလိုတိုရေးတို့နှင့် ဆွေးနွေးခဲ့ကြောင်း ဘိုနီက ဖွင့်ဟခဲ့သည်။

“ကျွန်တော် ကိုလို၊ ယာယာတို့နဲ့ စကားအများကြီး ပြောဖြစ်ခဲ့ပါတယ်။ ဒါက ကျွန်တော့်အတွက် ကြီးမားတဲ့ အပြောင်းအရွှေ့တစ်ခုပါ။ ကိုလိုက သူ့ရဲ့ မန်စီးတီးက ကြီးကျယ်ခမ်းနားတဲ့ အရာတွေကို ပြောပြပါတယ်။ အဓိကက ကျွန်တော်နဲ့ စကားအမြဲပြောဖြစ်သလို အမြဲတိုက်တွန်းအားပေးတတ်တဲ့ ယာယာကြောင့်ပါ။ မန်စီးတီးက ကမ္ဘာ့အကြီးကျယ်ဆုံး အသင်းတွေထဲက တစ်ခုဖြစ်တယ်လို့ ယာယာက ပြောခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီကိုလာရမယ့် အခွင့်အရေး ရခဲ့ရင် အသေအချာဆုပ်ကိုင်နိုင်ဖို့ လိုတယ်လို့ သူက ပြောခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် ဒီကိုရောက်လာခဲ့တာပါ” ဟု ဘိုနီက ပြောကြားခဲ့သည်။

ဘိုနီသည် ၂၀၁၄ ခုနှစ်တွင် အခြားကစားသမားများထက် ပရီးမီးယားလိဂ်သွင်းဂိုး ပိုမိုရရှိခဲ့သည့် ကစားသမား ဖြစ်ခဲ့သည်။ သို့သော်လည်း ၎င်းသည် စီးတီးသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၄ ပွဲကစားပြီး တစ်ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်း မရှိပေ။ သို့သော်လည်း မိမိအနေဖြင့် မကြာမီ ပုံမှန်ခြေစွမ်း ပြန်လည်ရရှိလာလိမ့်မည်ဟု ယုံကြည်ကြောင်း ဘိုနီက ဆိုခဲ့သည်။

“ကျွန်တော် အင်္ဂလန်ကို စရောက်ကာစက ဖိအားအများအပြားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဟော်လန်ကနေ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ခဲ့တဲ့အတွက်ကြောင့်ပါ။ ဆွမ်ဆီးမှာတုန်းက စကစားခဲ့တဲ့ ပွဲအချို့မှာ ကျွန်တော် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဖိအားတွေနဲ့ ထပ်ရင်ဆိုင်ခဲ့ရပါတယ်။ ဒါဟာ ခြေစွမ်းပိုမို တိုးတက်လာဖို့နဲ့ ပိုကောင်းတဲ့အရာတွေ လုပ်ဆောင်နိုင်ဖို့အတွက် တွန်းအားဖြစ်ခဲ့ပါတယ်။ မန်စီးတီးကို ပြောင်းရွှေ့ခဲ့တာက ကျွန်တော့်အတွက် သိပ်ကိုကောင်းပါတယ်။ ကျွန်တော့်အနေနဲ့ အပြင်းအထန် ကြိုးပမ်းပြီး အခွင့်အရေးတွေကို အသုံးချနိုင်ဖို့ လိုပါတယ်။ ကျွန်တော်ဒီကိုရောက်တာ နှစ်ပတ်ပဲ ရှိပါသေးတယ်။ အသင်းဖော်တွေနဲ့ ပိုမိုရင်းနှီးလာပြီး အပြန်အလှန် နားလည်မှုတွေ ရခဲ့တဲ့အခါ အရာအားလုံးက ပိုပြီး လွယ်ကူလာပါလိမ့်မယ်” ဟု ဘိုနီက ပြောကြားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment