Pages

Thursday, April 9, 2015

ယူနိုက်တက် ကွင်းလယ်လူ ဟာရဲရာကို ဘာစီလိုနာ စိတ်ဝင်စားနေဟု သတင်းများထွက်ပေါ်



ယူနိုက်တက် ကွင်းလယ်လူ ဟာရဲရာကို ဘာစီလိုနာ စိတ်ဝင်စားနေဟု သတင်းများထွက်ပေါ်

ဘာစီလိုနာ အသင်းသည် မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ အန်ဒါဟာရဲရာကို စိတ်ဝင်တစား စောင့်ကြည့်လာကြောင်း သတင်းများ ထွက်ပေါ် လာခဲ့သည်။
အသက်(၂၅)နှစ်ရှိ စပိန်ကွင်းလယ် ဖန်တီးရှင်သည် ပြီးခဲ့သည့် ပွဲစဉ်များ၌ တောက်လျှောက် ခြေစွမ်းပြပြီး ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ် အားအကိုးဆုံး ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။ ၎င်းသည် အက်စ်တန်ဗီလာနှင့် ပွဲစဉ်တွင် ကိုယ်တိုင် (၂)ဂိုးသွင်းခဲ့သလို လီဗာပူးလ်ကို အနိုင်ရသည့် ပွဲစဉ်တွင်လည်း အသင်းအတွက် ခြေစွမ်းပြသွားသည်။ ဘာစီလိုနာသည် ရာသီကုန်တွင် အသင်းနှင့် လမ်းခွဲရန် သေချာသလောက် ရှိနေသည့် ဝါရင့် ကစားသမားကြီး ရှာဗီဟာနန်ဒက်ဇ် နေရာ၌ အစားထိုးရန် ဟာရဲရာကို စိတ်ဝင်စားလာခြင်း ဖြစ်သည်။
အသက်(၃၅)နှစ်ရှိ ရှာဗီသည် ဘာစီလိုနာကို စွန့်ခွာပြီး အရှေ့အလယ်ပိုင်း၌ ဘောလုံးသမားဘဝ နေဝင်ချိန်ကို ဖြတ်သန်းရန် ပြင်ဆင်နေသည်။ ဘာစီလိုနာတွင် ဆက်စ်ဖာဘရီဂက်စ်သည် နွေရာသီ၌ ချယ်လ်ဆီးသို့ ပြောင်းရွှေ့သွားပြီး အန်းဒရက်စ် အင်နီယေစတာကလည်း အသက်(၃၀)ဝန်းကျင် ရှိနေပြီ ဖြစ်သောကြောင့် ကွင်းလယ်ကို အားဖြည့်ရန် လိုအပ်လာခဲ့သည်။ ဘာစီလိုနာသည် အက်သလက်တီကို ဘီလ်ဘာအိုတွင် ဟာရဲရာ ကစားနေစဉ်က ကမ်းလှမ်းမှုတစ်ကြိမ် ပြုလုပ်ဖူးကြောင်းလည်း စပိန်သတင်းစာ Mundo Deportivoက ဖော်ပြခဲ့သည်။
ဟာရဲရာ ကိုယ်တိုင်ကမူ လတ်တလော ပုံစံကောင်းများဖြင့် အတက်ဘက် ပြန်လည် ဦးတည်လာသည့် ယူနိုက်တက်တွင် ပျော်ရွှင်နေကြောင်း ဖွင့်ဟထားသည်။ “ကျွန်တော် ပျော်နေပါတယ်။ ပြောရရင် ယူနိုက်တက်မှာ ကျွန်တော် နောက်ထပ် နှစ်တွေ အများကြီး ဆက်နေချင်ပါသေးတယ်”ဟု ဟာရဲရာက ပြောကြားသွားသည်။

Soccer Myanmar

No comments:

Post a Comment