Pages
▼
Monday, February 2, 2015
အာဆင်နယ်မှ ထွက်ခွာသွားစဉ်က ဝမ်းနည်းစွာ ငိုကြွေးခဲ့မိဟု အွန်နရီ ဖွင့်ဟ
အာဆင်နယ် အသင်းမှ ထွက်ခွာခဲ့စဉ်က ၎င်းအနေဖြင့် ခက်ခဲသော အခြေအနေများစွာကို ဖြတ်သန်းခဲ့ရကြောင်း သီအာရီ အွန်နရီက ဖွင့်ဟ ပြောကြားခဲ့သည်။
(၂၀၀၇)ခုနှစ်တွင် အာဆင်နယ်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့ခဲ့စဉ်က ဝမ်းနည်းစွာ ငိုကြွေးခဲ့ဖူးသလို ဘာစီလိုနာတွင်လည်း နည်းပြ ဂျိုးဆက် ပက်ပ် ဂွာဒီယိုလာ လက်အောက်၌ ရုန်းကန်ခဲ့ရသော အခြေအနေများကို ပြင်သစ် တိုက်စစ်မှူးဟောင်း က ပြန်ပြောင်း ပြောဆိုခဲ့သည်။ အာဆင်နယ်၏ ဂန္ထဝင် အသင်းခေါင်းဆောင်ဟောင်း တစ်ဦးအဖြစ် သတ်မှတ်ခံရသည့် အွန်နရီသည် ယခုအခါ ဘောလုံးသမား ဘဝမှ အနားယူလိုက်ပြီ ဖြစ်သည်။ ၎င်းသည် ကလပ်အသင်းအတွက် စံချိန်တင် ဂိုးသွင်းဘုရင်အဖြစ် စုစုပေါင်း (၂၂၈)ဂိုးသွင်းကာ ရပ်တည်ခဲ့သည်။ အွန်နရီသည် အာဆင်နယ်နှင့်အတူ ပရီးမီးယားလိဂ် ချန်ပီယံဆု (၂)ကြိမ်နှင့် FAဖလား (၃)ကြိမ် ဆွတ်ခူးခဲ့သည်။
အွန်နရီက “တကယ်တော့ အာဆင်နယ်က ထွက်သွားဖို့ ကျွန်တော် ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်တော့်အသက်က (၂၉)နှစ် ရှိနေပြီ။ ခြေစွမ်းကလည်း အကောင်းဆုံး ဖြစ်နေတယ်။ အသင်းမှာက တစ်ယောက်ပြီးတစ်ယောက် ထွက်ကုန်တယ်။ မန်နေဂျာ အာစင်ဝင်းဂါးလည်း ဆက်နေမှာ မဟုတ်ဘူးလို့ ကျွန်တော်က ခံစားလာမိခဲ့တယ်လေ။ ဒီဆုံးဖြတ်ချက်က မလွယ်ပါဘူး။ အသင်းက ထွက်သွားတော့ ငိုခဲ့မိတယ်။ ဒါကို ထုတ်ပြောဖို့ ကျွန်တော် မရှက်ပါဘူး။ ကျွန်တော်က တိုက်ပွဲဝင်ဖို့ အမြဲတမ်း လိုလားနေသူပါ။ အခြေအနေတွေအရ ကျွန်တော် အာဆင်နယ်က ထွက်ဖို့ လိုနေခဲ့ပြီလေ”ဟု ဖွင့်ဟခဲ့သည်။
အွန်နရီသည် (၂၀၀၇)ခုနှစ်၊ ဇွန်လတွင် ပေါင်စတာလင် (၁၆)သန်းဖြင့် နူးကမ့်သို့ ရောက်ရှိသွားခဲ့သည်။ သို့သော်လည်း နည်းပြ ဂွာဒီယိုလာ၏ စီမံကိန်းတွင် မိမိသည် အရန်လူ အဆင့်သာ ရှိခဲ့ကြောင်း အွန်နရီက ဆိုသည်။ “ဘာစီလိုနာကို ကျွန်တော် ရောက်သွားတော့ ဂွာဒီယိုလာက ခေါ်ပြောတယ်။ ကျွန်တော်က စတုတ္ထဦးစားပေး တိုက်စစ်မှူး၊ ပွဲထွက်နေရာ မရနိုင်ဘူးတဲ့။ ဒါကို ကျွန်တော် လက်ခံခဲ့တယ်။ စိန်ခေါ်မှုတွေကို ကျွန်တော် တုံ့ပြန်ပြီး တိုက်ပွဲဝင်ခဲ့တယ်။ ဒီလို ပြိုင်ဆိုင်မှုတွေဟာ ကိုယ့်အဆင့်ကို မြှင့်တင်နိုင်တယ်လေ။ လူတွေက ကံကောင်းမကောင်း ပြောဆိုကြတယ်။ ဒါပေမဲ့ ကိုယ်ကံကောင်းဖို့ ကိုယ့်ဖာသာ ဖန်တီးယူနိုင်ပါတယ်။ ကိုယ်က ကြိုးစားရင် အဆုံးမှာတော့ ဆုလာဘ်တစ်ခုခု ရလာမှာပါပဲ”ဟုလည်း အွန်နရီက ပြောကြားသွားသည်။
Soccer Myanmar
No comments:
Post a Comment