Pages

Tuesday, February 10, 2015

အိုင်ဗန်နိုဗစ်သည် ချယ်ဆီး၏ အကောင်းဆုံးခေါ်ယူမှုများ အနက် တစ်ဦး အပါအဝင် ဖြစ်ကြောင်း မော်ရင်ဟို ပြောကြား



အိုင်ဗန်နိုဗစ်သည် ချယ်ဆီး၏ အကောင်းဆုံးခေါ်ယူမှုများ အနက် တစ်ဦး အပါအဝင် ဖြစ်ကြောင်း မော်ရင်ဟို ပြောကြား

ဘရာနီဆလပ် အိုင်ဗန်နိုဗစ်သည် အသင်းမှ ခေါ်ယူခဲ့သည့် အကောင်းဆုံး ကစားသမားများအနက် တစ်ဦး အပါအဝင် ဖြစ်ကြောင်း ချယ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ပြောကြားလိုက်သည်။

အသက် ၃၀ နှစ်အရွယ် အိုင်ဗန်နိုဗစ်သည် စနေနေ့က အက်စ်တွန်ဗီလာကို ၂-၁ ဂိုးဖြင့် အနိုင် ရရှိခဲ့သည့် ပွဲတွင် ချယ်ဆီးအတွက် အနိုင်ဂိုးကို သွင်းယူခဲ့သူ ဖြစ်သည်။ အဆိုပါ နိုင်ပွဲကြောင့် ချယ်ဆီးသည် အမှတ်ပေးဇယားထိပ်တွင် ၇ မှတ်အသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။

အိုင်ဗန်နိုဗစ်သည် ၂၀၀၈ ခုနှစ်က လိုကိုမိုတစ် မော်စကိုမှ ချယ်ဆီးသို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ၎င်းသည် အသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ခ်ျ လက်အောက်တွင် ခေါ်ယူခဲ့သည့် အကောင်းဆုံး ကစားသမားများအနက် တစ်ဦးဖြစ်ကြောင်း မော်ရင်ဟိုက ဆိုခဲ့သည်။

“သူက အသင်းရဲ့ အကောင်းဆုံး ခေါ်ယူမှုတွေထဲက တစ်ခုဖြစ်ပါတယ်။ သူက ကျွန်တော် ပထမဦးဆုံး ချယ်ဆီးကနေ ထွက်ခွာသွားခဲ့တဲ့နောက် အသင်းကို ရောက်လာခဲ့တာပါ။ သူက အသင်းနဲ့အတူ အကောင်းဆုံး အကူအညီပေးခဲ့သူ ဖြစ်ပါတယ်။ နောက်ပြီး ဂျွန်တယ်ရီနဲ့ ဂယ်ရီကာဟေးလ်တို့လို ကစားသမားတွေ မရှိရင် အသင်းကလည်း ဒီလိုရပ်တည်နိုင်မှာ မဟုတ်ပါဘူး။ အသင်းမှာ အီဒင်ဟာဇက်လို ကစားသမားမျိုး ရှိသလို ဘရာနီဆလပ်လို နောက်ခံကစားသမားလည်း ရှိပါတယ်။ ကျွန်တော်တို့ အသင်းက အဲ့ဒီလို ပါရမီရှင်တွေကို ပေါင်းစပ်ထားတဲ့ အသင်းပါ” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

အိုင်ဗန်နိုဗစ်သည် လန်ဒန်တွင် ကစားခဲ့သည့် ၇ နှစ်တာအတွင်း အက်ဖ်အေဖလား သုံးကြိမ်အပြင် ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် ကွန်မြူနတီဒိုင်း ဆုဖလားတို့ကို ရယူခဲ့သည်။

Soccer Myanmar

No comments:

Post a Comment