Pages

Monday, February 16, 2015

ဒီမာရီယာသည် ယူနိုက်တက်အတွက် အကောင်းဆုံး ခေါ်ယူမှုတစ်ရပ်ဟု အသင်းဖော်များ ချီးကျူး



ဒီမာရီယာသည် ယူနိုက်တက်အတွက် အကောင်းဆုံး ခေါ်ယူမှုတစ်ရပ်ဟု အသင်းဖော်များ ချီးကျူး

အိန်ဂျယ်လ် ဒီမာရီယာသည် မန်ချက်စတာ ယူနိုက်တက်အတွက် ပေးရသည့်ဈေးနှင့် ထိုက်တန်သည့် ကစားသမားကောင်း တစ်ဦးဖြစ်ကြောင်း အသင်းဖော် အက်ရှ်လေယန်းနှင့် မိုက်ကယ် ကာရစ်တို့က ပြောကြားခဲ့ကြသည်။


ယူနိုက်တက်သည် နွေရာသီ ဈေးကွက်အတွင်း အာဂျင်တီးနား လက်ရွေးစင် တောင်ပံတိုက်စစ်သမားကို ပေါင်စတာလင် (၅၉.၇)သန်းဖြင့် ရီးယဲလ်မက်ဒရစ်ထံမှ ဝယ်ယူခဲ့သည်။ ဒီမာရီယာသည် ယူနိုက်တက် ကစားသမားဘဝ အစောပိုင်း နေ့ရက်များတွင် ခြေစွမ်းပြနိုင်ခဲ့သော်လည်း တံကောက်ကြောဒဏ်ရာ ရရှိသွားပြီး ပြန်ကစားနိုင်ချိန်တွင် အကောင်းဆုံး ပုံစံရရှိအောင် ရုန်းကန်နေရသည်။ ယူနိုက်တက် အနေဖြင့် ဒီမာရီယာကို ဝယ်ယူရာတွင် ပေးချေရသည့် ဈေးနှင့် ထိုက်တန်သော ရလဒ်မျိုး ခံစားခွင့် မရကြောင်း ဝေဖန်မှုများ ရှိနေသည့်တိုင် အင်္ဂလန် ကစားသမား နှစ်ဦးက ယင်းကို ငြင်းဆိုခဲ့သည်။


တောင်ပံလူ ယန်းက “ဒီမာရီယာက တကယ့် အပျံစား စာချုပ်ခေါ်ယူမှုမျိုးပါ။ ရီးယဲလ်မှာက ဂါရတ်သ်ဘေးလ်နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုလို အကောင်းဆုံးအဆင့် ကစားသမားတွေ ရှိနေပါတယ်။ ဒါပေမဲ့ မနှစ်က သူတို့အသင်းမှာ ဒီမာရီယာက အထူးချွန်ဆုံး ကစားသမားတစ်ယောက် ဖြစ်ခဲ့တယ်။ သူ့အရည်အသွေးရယ်၊ ယူနိုက်တက် လူစာရင်းရဲ့ ရှိရင်းစွဲ စုဖွဲ့မှု အရည်အသွေးရယ် ပေါင်းစပ်လိုက်ရင် အသင်းကို အထောက်အပံ့ကောင်းတွေ ရရှိလာစေမှာပါ”ဟု မှတ်ချက်ပြုခဲ့သည်။ ၎င်းက “လေ့ကျင့်ရေးကွင်းမှာ ပထမဆုံး အတူပူးတွဲ လေ့ကျင့်ပြီး တစ်ရက် နှစ်ရက်လောက်မှာတင် ဒီမာရီယာ ဘယ်လောက်ကောင်းတယ် ဆိုတာကို ကျွန်တော်တို့ သဘောပေါက်လာပါတယ်။ သူဟာ ယူနိုက်တက်ရဲ့ အကောင်းဆုံး စာချုပ်ခေါ်ယူမှုတစ်ရပ် ဖြစ်လာမှာပါ”ဟုလည်း ထောက်ခံသွားသည်။


ကွင်းလယ်လူ ကာရစ်ကလည်း ဒီမာရီယာသည် ဂန္ထဝင် ကစားသမားဟောင်း ရိုင်ယန်ဂစ်ကဲ့သို့ အဆင့်မျိုးဟု ညွှန်းဆိုခဲ့သည်။ “ပြိုင်ဘက်တွေကို လိမ်ခေါက် လှည့်စားပြီး ကျော်ဖြတ်တတ်တဲ့ ကစားသမားတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီမာရီယာရဲ့ ကစားပုံက ပိုပြီး တိုက်ရိုက်ကျတယ်။ သူဟာ ဂစ်နဲ့ နေရာတော်တော်များများ ဆင်တူတယ်။ ဘောလုံးကို တိုက်စစ်ထိ ဆွဲယူသွားပြီး ဦးတည်ရာကို ရုတ်တရက် လှလှပပ ပြောင်းလဲလိုက်နိုင်တယ်။ ဒီအခြေအနေက တားဆီးခုခံရတဲ့ ခံစစ်သမားအတွက် အခက်ကြုံရတတ်ပါတယ်။ အထူးသဖြင့် ကွင်းလယ်ဗဟိုကနေ ဘောလုံးဆွဲယူလာရင် သူက အဲဒီလို ပိုပြီး လုပ်ပြနိုင်တယ်။ ဗဟိုကြောကနေ ဘောလုံးကို ဒီလိုကိုင်ကစားနိုင်တဲ့ ဘောလုံးသမား များများစားစား မရှိပါဘူး။ တောင်ပံလူတွေသာ အဓိက လုပ်လေ့ ရှိပါတယ်။ ဘောလုံးကို ကွင်းလယ်ဗဟိုမှာ အလိမ်အခေါက်နဲ့ ကိုင်ကစားရဲတဲ့ ဘောလုံးသမားမျိုး ခင်ဗျားတို့ အနေနဲ့ နည်းနည်းလောက်ပဲ မြင်ဖူး ပါလိမ့်မယ်”ဟုလည်း ကာရစ်က မှတ်ချက်ပြုသွားသည်။

Soccer Myanmar

No comments:

Post a Comment