ချန်ပီယံလိဂ် လူစာရင်းမှ ချန်လှပ်ခံရခြင်းသည် အသတ်ခံရသကဲ့သို့ ခံစားရကြောင်း ယိုဗီတစ်ဖွင့်ဟ
ချန်ပီယံလိဂ် ပြိုင်ပွဲဝင် လူစာရင်းမှ ချန်လှပ်ခံရခြင်းသည် မန်နေဂျာက မိမိကို သတ်လိုက်သကဲ့သို့ ခံစားရကြောင်း မန်ချက်စတာစီးတီး တိုက်စစ်မှူး စတီဗန် ယိုဗီတစ်က ဖွင့်ဟ ပြောကြားခဲ့သည်။
မွန်တီနီဂရိုး လက်ရွေးစင် ယိုဗီတစ်သည် လွန်ခဲ့သည့် (၁၈)လက ပေါင်စတာလင် (၂၂)သန်းဖြင့် အစ်တီဟတ်သို့ ရောက်ရှိလာသူ ဖြစ်သည်။ ၎င်းသည် ပင်ကိုခြေစွမ်း ကောင်းမွန်သည့်တိုင် ကြံ့ခိုင်မှု ပြဿနာများကြောင့် မန်စီးတီးတွင် အမာခံ ကစားသမား တစ်ဦးအဆင့်ထိ ရောက်ရှိမလာခဲ့ချေ။ ဆောင်းရာသီ ဈေးကွက်တွင် ပယ်လီဂရီနီက ဆွမ်ဆီးစီးတီး တိုက်စစ်မှူး ဝီလ်ဖရိုက်ဒ် ဘိုနီကို စာချုပ် ခေါ်ယူလိုက်ပြီးနောက် ချန်ပီယံလိဂ် လူစာရင်းမှ ကစားသမားတစ်ဦး ချန်လှပ်ရန် အကြောင်းဖန်လာရာ ယိုဗီတစ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ယိုဗီတစ်က မိမိကို ချန်ပီယံလိဂ် လူစာရင်းမှ ဖယ်ထုတ်ခဲ့ခြင်းသည် မန်နေဂျာ၏ အမှားတစ်ရပ်ဟု ဝေဖန်ခဲ့ပြီး ယခုအခါ မန်စီးတီးတွင် မိမိ၏ အနာဂတ်ကို ဆက်လက် မြှုပ်နှံထားရန် မသေချာတော့ဟုလည်း ဝန်ခံခဲ့သည်။ အသက်(၂၅)နှစ်ရှိ ကစားသမားက “ချန်ပီယံလိဂ်မှာ ကျွန်တော် ကစားခွင့် ရထိုက်ပါတယ်။ ဒါကို ကျွန်တော်သေချာ သိနေတယ်။ မန်နေဂျာရဲ့ ဆုံးဖြတ်ချက်က ကျွန်တော့်ကို သတ်လိုက်တာပါပဲ။ ကျွန်တော့် နေရာအတွက် ထိုက်တန်ဆဲလို့ ခံစားမိတယ်။ တခြားသူတွေကလည်း ဒီအတိုင်းပဲ ပြောပါတယ်။ လူတွေက ကျွန်တော်ဟာ ကစားသမားကောင်း တစ်ယောက်လို့ ပြောကြပေမယ့် မန်နေဂျာကတော့ အဲဒီအတိုင်း ရှုမြင်ခဲ့ပုံ မရဘူးဆိုတာ သိသာပါတယ်”ဟု ဖွင့်ဟခဲ့သည်။
၎င်းက “ကျွန်တော် အရမ်းကို စိတ်ပျက်မိပါတယ်။ ဒါဟာ ကောင်းမွန်တဲ့၊ ဒါမှမဟုတ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်မျိုးလို့ မထင်ဘူး။ ချန်ပီယံလိဂ် လူစာရင်းမှာ ကျွန်တော့်နာမည် ပါထိုက်တန်လို့ ကျွန်တော် သေချာသိနေတယ်။ မန်နေဂျာကိုလည်း ကျွန်တော် ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့် စကားကို သူက နားထောင်ချင်ပုံ မရဘူး။ ကျွန်တော်က ဒီအသင်းကို လာကစားတယ်ဆိုတာ ချန်ပီယံလိဂ်မှာ ပါဝင်ချင်လို့ပါ”ဟုလည်း ဆိုသည်။ ယိုဗီတစ်ကို အီတလီ ကလပ်များဖြစ်သည့် အင်တာမီလန်နှင့် ဂျူဗင်တပ်စ်တို့က ဇန်နဝါရီ ဈေးကွက်ကာလအတွင်း ချိတ်ဆက်ခဲ့ကြသည်။
ကစားသမားက “အနာဂတ်နဲ့ ပတ်သက်ပြီး ကျွန်တော် အခုတော့ ဘာမှ မဆုံးဖြတ်ရသေးပါဘူး။ နွေရာသီထိ စောင့်ဦးမယ်။ ပြီးရင် ဘာတွေဖြစ်မလဲ ကြည့်တာပေါ့။ မန်နေဂျာက ကျွန်တော့်ထက် တခြားကစားသမားတွေကို ဦးစားပေးခဲ့တယ်။ ဒါဟာ သူဘာဖြစ်ချင်တယ် ဆိုတာကို ချပြလိုက်တဲ့ သတင်းစကားလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒီလို အခြေအနေမျိုး ကြုံလာတဲ့အခါ အရာရာကို အကောင်းဆုံး အာရုံစိုက်နိုင်ဖို့ ခက်ခဲသွားပါပြီ။ ဒါပေမဲ့ ကျွန်တော်က ပရော်ဖက်ရှင်နယ် တစ်ယောက်ပါ။ အသင်းအတွက် ဒီရာသီမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ဆက်လက် ပါဝင်ပြနိုင်တယ် ဆိုတာကို ပြသသွားချင်ပါတယ်။ ကျွန်တော့်အတွက်တော့ ဆိုးရွားတဲ့ ကာလတွေပါပဲ။ ဒါပေမဲ့ ကျွန်တော် ရှေ့ဆက် ကြိုးစားပြီး အသင်းအတွက် ပေးဆပ်သွားပါမယ်”ဟုလည်း ဖွင့်ဟသွားသည်။
Soccer Myanmar
No comments:
Post a Comment