လီဗာပူးလ်၏ လက်ရှိ လူစာရင်းကို ကျေနပ်နေသည့် ရော့ဂျာ
လီဗာပူးလ်ကို ကိုင်တွယ်နေသည့် ကာလတစ်လျှောက် လက်ရှိအသင်း လူစာရင်းသည် အတောင့်တင်းဆုံးဖြစ်ကြောင်း မန်နေဂျာ ဘရန်ဒန်ရော့ဂျာက ပြောကြားခဲ့သည်။
ယခုရာသီ ရလဒ်ပိုင်း ယိမ်းယိုင်မှုများကြောင့် ဝေဖန်ခံနေရသည့်တိုင် ရော့ဂျာကမူ (၂၀၁၂)ခုနှစ်၊ ဇွန်လက လီဗာပူးလ် မန်နေဂျာအဖြစ် စတင်တာဝန်ယူပြီးနောက်ပိုင်း လက်ရှိအသင်း၏ စုဖွဲ့မှုကို အကျေနပ်ဆုံးဟု ဖွင့်ဟခဲ့သည်။ လီဗာပူးလ်သည် နွေရာသီ ဈေးကွက်အတွင်း အဓိက တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကို ဘာစီလိုနာထံ ရောင်းထုတ်ကာ ကစားသမားသစ် အမြောက်အမြားကို အားဖြည့် ဝယ်ယူခဲ့သည်။ စနေနေ့ကမူ FAဖလား ပဉ္စမအဆင့် ပွဲစဉ်၌ ရော့ဂျာသည် လူသစ်များဖြစ်သည့် မာရီယိုဘာလော့တယ်လီ၊ ရစ်ကီလမ်းဘတ်နှင့် ဒီယန်လော့ဗ်ရန်းတို့ကို ထည့်သွင်းအသုံးပြုခဲ့ပြီး ခရစ္စတယ်လ်ပဲလေ့စ်ကို (၂-၁)ဖြင့် အနိုင်ရခဲ့သည်။
မြောက်အိုင်ယာလန်သား မန်နေဂျာက “ပထမဆုံး (၂)နှစ်လောက် အတွင်းက ကျွန်တော်တို့ အနေနဲ့ ပွဲရဲ့ အရှိန်အဟုန်ကို ပြောင်းလဲပစ်တာမျိုး လုပ်လို့မရခဲ့ဘူး။ ဒီနှစ်မှာဆို ကစားသမားအင်အား တောင့်တင်းတာကြောင့် ရွေးချယ်စရာတွေ ရှိလာတယ်။ ခေတ်သစ် ဘောလုံးပွဲတွေမှာ တောင့်တင်းတဲ့ အရန်အင်အား ပိုင်ဆိုင်ရေးက သိပ်အရေးကြီးပါတယ်။ ဒီအချက်က ပွဲအပေါ် သက်ရောက်မှု ကြီးမားလာစေနိုင်တယ်။ အခုတော့ လီဗာပူးလ်အတွက် ဒီအချက်က တကယ်ဖြစ်လာပြီ။ ကျေနပ်စရာ ပါပဲ”ဟု ပြောကြားခဲ့သည်။
၎င်းက ယူရိုပါလိဂ် ပွဲစဉ်အဖြစ် တူရကီကလပ် ဘီဆစ်တက်ခ်နှင့် ရင်ဆိုင်ရမည့် မတိုင်မီ အဆိုပါပွဲကို အလေးအနက် ထားကြောင်းလည်း ဆိုသည်။ “ကျွန်တော်တို့ အနေနဲ့ ယူရိုပါလိဂ်မှာ ဖြစ်နိုင်သလောက် ပွဲစဉ်တွေ တော်တော်များများ ဆက်ကစားသွားချင်ပါတယ်။ ပွဲကျပ်တွေ များလာခြင်းက အခက်တွေ့တာတွေ ရှိလာနိုင်တယ်။ ဒါပေမဲ့ ပွဲတစ်ပွဲ အနိုင်ရတိုင်း ကိုယ့်အတွက် စွမ်းအင်တွေ ပြည့်ဝလာစေမှာပါ။ ကစားသမားတွေက ဒီလို အခြေအနေတွေကို ကောင်းကောင်း ဖြတ်ကျော်နိုင်ပါလိမ့်မယ်။ ယူရိုပါလိဂ်ဟာ FAဖလားလိုပဲ တစ်ပွဲချင်း အဆုံးအဖြတ် ယူရတဲ့ ပြိုင်ပွဲပါ။ ကျွန်တော်တို့ အကောင်းဆုံး ကစားသွားနိုင်ဖို့ ရည်ရွယ်ပါတယ်”ဟုလည်း ရော့ဂျာက ဖွင့်ဟသွားသည်။
Soccer Myanmar
No comments:
Post a Comment