Pages

Friday, February 13, 2015

ယူနိုက်တက်၏ စွမ်းဆောင်ရည်ပိုင်း အားနည်းချက်များအတွက် ကစားသမားများတွင် တာဝန်ရှိဟု စမောလင်း ဝန်ခံ



ယူနိုက်တက်၏ စွမ်းဆောင်ရည်ပိုင်း အားနည်းချက်များအတွက် ကစားသမားများတွင် တာဝန်ရှိဟု စမောလင်း ဝန်ခံ

ဘန်လေနှင့်ပွဲတွင် မန်ချက်စတာ ယူနိုက်တက်၏ စွမ်းဆောင်ရည်ပိုင်း ယိမ်းယိုင်မှုများတွင် ကစားသမားများ၌ အဓိက တာဝန်ရှိကြောင်း ခရစ်စမောလင်းက ဝေဖန်ခဲ့သည်။

အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် ဘန်လေကို (၃-၁)ဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် အင်္ဂလန် ခံစစ်မှူး စမောလင်းသည် ဒဏ်ရာရ ကစားသမား ဖီးလ်ဂျုံးစ်အစား လူစားဝင်ရောက်ပြီး ဘောလုံးနှင့် ပထမဆုံး ထိတွေ့ရာ၌ အဖွင့်ဂိုး သွင်းယူခဲ့သည်။ ထို့နောက် တန်းတက်အသင်းဘက်မှ တိုက်စစ်မှူး ဒန်နီအင်းစ်က တစ်ဂိုးပြန်လည် ချေပသော်လည်း စမောလင်းက နောက်တစ်ဂိုး ထပ်သွင်းကာ အသာစီး ပြန်လည် ရယူပြီး ပွဲအပြီးတွင်မူ ယူနိုက်တက်က (၃-၁)ဖြင့် အနိုင်ရခဲ့သည်။ သို့သော်လည်း အဆိုပါ ပွဲစဉ်၏ ပထမပိုင်း (၄၅)မိနစ်သည် ယခုရာသီ အသင်း၏ အဆုံးရွားဆုံး စာရင်းဝင် ကစားပုံမျိုး ဖြစ်စေခဲ့သည်။

စမောလင်းက “ရလဒ်က (၃-၁) ဖြစ်ခဲ့ပေမယ့် ခြေစွမ်းက အဲဒီလောက် ပြတ်သားတဲ့ အခြေအနေတော့ မဟုတ်ခဲ့ဘူး။ အထူးသဖြင့် ပထမပိုင်းပေါ့။ တကယ်တော့ ကျွန်တော်တို့ ကစားသမားတွေ အားလုံးက အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်း ကျဆင်းအောင် လုပ်နေခဲ့မိတာပဲ။ တကယ်ဆို ပိုကောင်းအောင် ကစားနိုင်ခဲ့သင့်တယ်”ဟု ဆိုသည်။ ၎င်းက “ပထမပိုင်းကတော့ တစ်ရာသီလုံးမှာ အဆိုးဆုံး ပုံစံမျိုးနဲ့ ကစားသွားတာ ဖြစ်နိုင်တယ်။ ပထမပိုင်း အပြီးမှာ ဦးဆောင်ခွင့် ရနေတာက ကံကောင်းခဲ့ပါတယ်။ ပထမပိုင်း ခြေစွမ်းဟာ လုံလောက်တဲ့ အနေအထား မရှိခဲ့မှန်း ကျွန်တော်တို့ အားလုံး သိပါတယ်။ ဒါကြောင့်လည်း ဒုတိယပိုင်းမှာ နိုးနိုးကြားကြားနဲ့ တိုက်ပွဲဝင်သွားခဲ့တာပါ”ဟု ပြောကြားခဲ့သည်။

ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်ကလည်း “ပထမပိုင်းမှာ အသင်းရဲ့ စွမ်းဆောင်ရည်က မကောင်းခဲ့ပါဘူး။ ဘန်လေက ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ သူတို့က ကျွန်တော်တို့ကို ဖိအားပေးနိုင်ပါတယ်။ အသင်း အနေနဲ့လည်း ဘောလုံးအပေးအယူတွေ မပြုလုပ်နိုင်ခဲ့ပါဘူး။ အဲ့ဒီအတွက် ဘန်လေအသင်း ချီးကျူးပါတယ်။ ပထမပိုင်းအပြီးမှာ (၂-၁)နဲ့ နိုင်နေတဲ့အတွက် ကျွန်တော် အရမ်းကို ပျော်ရွှင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကစားပုံ နည်းနည်း ပိုကောင်းလာခဲ့ပြီး ပြိုင်ဘက်ရဲ့ အားနည်းချက်ကို အသုံးချနိုင်ခဲ့ပါတယ်။ ပြိုင်ပွဲတွေမှာ အနိုင်ရတာဟာ အသင်းမှာ အကောင်းဆုံး အရာတစ်ခုရှိလို့ အနိုင်ရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဒီပွဲကို မေ့ထားရပါမယ်။ ဒီပွဲဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးပွဲ မဟုတ်ပါဘူး”ဟု ဖွင့်ဟသွားသည်။

Soccer Myanmar

No comments:

Post a Comment