Pages

Friday, February 13, 2015

စာချုပ်သစ်ကိစ္စ မစဉ်းစားသေးဟု ဟန်ဒါဆန် ပြောကြား



စာချုပ်သစ်ကိစ္စ မစဉ်းစားသေးဟု ဟန်ဒါဆန် ပြောကြား

လီဗာပူးလ်နှင့် သက်တမ်းတိုး စာချုပ်ရေးအတွက် အလောတကြီး လုပ်ဆောင်နေရန် မလိုသေးကြောင်း ကွင်းလယ်လူ ယော်ဒန် ဟန်ဒါဆန်က ဖွင့်ဟ ပြောကြားခဲ့သည်။

၎င်းက မိမိသည် အန်းဖီးလ်တွင် ပျော်ရွှင်နေပြီး စာချုပ်သစ် ကိစ္စကို ရာသီကုန်ချိန်မှ စဉ်းစားလိုကြောင်းဆိုသည်။ ရာသီကုန်တွင် လီဗာပူးလ်မှ ထွက်ခွာတော့မည့် အသင်းခေါင်းဆောင် စတီဗင် ဂျရတ်က အသင်းအနေဖြင့် ဟန်ဒါဆန်နှင့် ရာဟင်မ် စတာလင်တို့ကို အမြန်ဆုံး စာချုပ် သက်တမ်းတိုးသင့်ကြောင်း Sky Sportsနှင့် အင်တာဗျူးတွင် တိုက်တွန်းထားခဲ့သည်။ အင်္ဂလန် လက်ရွေးစင် ဟန်ဒါဆန်သည် ဂျရတ် ထွက်ခွာသွားချိန်တွင် အကောင်းဆုံး ဆက်ခံနိုင်မည့်သူအဖြစ် ထင်ကြေးပေး ခံထားရသည်။ ၎င်း၏ စာချုပ်သည် သက်တမ်း (၁၈)လသာ ကျန်တော့ပြီး လီဗာပူးလ်က သက်တမ်းတိုးရန် စီစဉ်လျက် ရှိသည်။ ဟန်ဒါဆန်ကမူ လတ်တလောတွင် ဘောလုံးကိုသာ အာရုံစိုက်ထားပြီး ရာသီကုန်မှ ယင်းကိစ္စကို ဆွေးနွေးရန် ဆန္ဒရှိနေသည်။

လီဗာပူးလ်၏ လက်ထောက် အသင်းခေါင်းဆောင်လည်းဖြစ်သည့် ဟန်ဒါဆန်က “ဂျရတ်လို ကစားသမားမျိုးက စာချုပ်သက်တမ်းတိုးဖို့ အရေးတယူ ပြောလာတာက ဂုဏ်ယူစရာပါ။ ဒါပေမဲ့ လောလောဆယ်မှာ ကျွန်တော့် ဘောလုံးစွမ်းရည်ကနေ လမ်းချော်သွားမယ့် ဘာကိစ္စကိုမှ အဖြစ်မခံချင်သေးဘူး။ စတာလင်လည်း ဒီလိုပဲ တွေးနေတာလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်လက်ရှိ ခြေစွမ်းကိုပဲ အပြည့်အဝ အာရုံ စိုက်ထားချင်တယ်။ ကျန်တဲ့ ကိစ္စတွေကို အေးဂျင့်တွေက တာဝန်ယူပါလိမ့်မယ်။ မကြာခင်မှာ တစ်ခုခုတော့ အဖြေထွက်လာမယ်လို့ ထင်တယ်။ အဆင်မပြေရင်တော့ ရာသီကုန်ထိ ရွှေ့ဆိုင်းထားပြီးမှ ဒီကိစ္စကို ဆွေးနွေးချင်ပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်းက “စာချုပ် ကိစ္စဟာ ကစားသမားတွေနဲ့ တိုက်ရိုက် မပတ်သက်ပါဘူး။ ကျွန်တော်တို့နဲ့ သိပ်လည်း မဆိုင်ဘူး။ ဒါက ကလပ်အသင်းနဲ့ အေးဂျင့်တွေ စကားပြောရမယ့် ကိစ္စပါ။ ကျွန်တော်ကတော့ ကိုယ်အာရုံစိုက်ဖို့ လိုတဲ့ကိစ္စကိုပဲ အဓိက တွေးပါတယ်။ အဲဒါကတော့ အကောင်းဆုံး ခြေစွမ်းမျိုးနဲ့ ဘောလုံးကစားနိုင်ဖို့ပါပဲ”ဟုလည်း ဖွင့်ဟခဲ့သည်။ ၎င်းက ဂျရတ်နေရာ ဆက်ခံနိုင်မည်ဆိုသော ခန့်မှန်းချက်များနှင့် ပတ်သက်ပြီး “ရိုးရိုးသားသား ပြောရရင် အဲဒီကိစ္စကို ကျွန်တော် မတွေးတတ်ဘူး။ အသင်းအတွက် ကျွန်တော် လုပ်ပေးနိုင်မယ့် အရာတွေမှာ တစ်ခုခု သက်ရောက်လာတာတော့ မဖြစ်စေချင်ဘူး။ ဒါက နောက်ရာသီမှာ အသင်းခေါင်းဆောင်သစ် ရွေးချယ်မယ့် မန်နေဂျာရဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ ဘယ်သူက အသင်းခေါင်းဆောင် ဖြစ်သင့်တယ် ဆိုတာကို သူက ဆုံးဖြတ်ရမှာပါ။ ကျွန်တော် အာရုံစိုက်ထားတာကတော့ အသင်းကို ကူညီဖို့နဲ့ ဒီရာသီမှာ အောင်မြင်မှုတွေ ရယူဖို့ ဖြစ်ပါတယ်။ ဒါက ဆုဖလားတွေ ဆွတ်ခူးဖို့၊ အမှတ်ပေးဇယား ထိပ်ဆုံးလေးသင်းမှာ ပါဝင်ဖို့၊ ကစားသမျှ ပွဲတွေ တတ်နိုင်သလောက် အနိုင်ရဖို့ပါ။ ရာသီကုန်မှာတော့ ဘာတွေ ဖြစ်လာမလဲ ကြည့်ကြတာပေါ့”ဟုလည်း ပြောဆိုသွားသည်။

Soccer Myanmar

No comments:

Post a Comment