Pages

Sunday, February 15, 2015

ဒီဘရွန်းကို ရောင်းချခြင်းအတွက် ချယ်ဆီး နောင်တရနေလိမ့်မည်ဟု ယုံကြည်ကြောင်း ဝုဖ်ဘတ်အသင်း အကြီးအကဲ ဆို



ဒီဘရွန်းကို ရောင်းချခြင်းအတွက် ချယ်ဆီး နောင်တရနေလိမ့်မည်ဟု ယုံကြည်ကြောင်း ဝုဖ်ဘတ်အသင်း အကြီးအကဲ ဆို

ကီဗင် ဒီဘရွန်းကို ရောင်းချခြင်းအတွက် ချယ်ဆီးအသင်း နောင်တရနေလိမ့်မည်ဟု ယုံကြည်ကြောင်းနှင့် အသင်းအနေဖြင့် လာမည့်နှစ် ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့ပါက အဆိုပါ ကစားသမားကို ဆုံးရှုံးရလိမ့်မည် ဖြစ်ကြောင်း ဝုဖ်ဘတ်အသင်း အထွေထွေမန်နေဂျာ ကလော့စ်အာလော့ဖ်က ပြောကြားလိုက်သည်။


အသက် ၂၃ နှစ်အရွယ် ဒီဘရွန်းသည် ၂၀၁၂ ခုနှစ်က ဂန့်ခ်အသင်းမှ စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ဝါဒါဘရီမင်တွင် အငှားသွားရောက် ကစားခဲ့ရာ၌ ခြေစွမ်းကောင်းများ ပြသနိုင်ခဲ့သည်။ သို့သော်လည်း ၎င်းသည် ဟိုဆေးမော်ရင်ဟို လက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်ခဲ့ရသည်။


ဒီဘရွန်းသည် ချယ်ဆီးအတွက် ပွဲထွက်ကစားသမား အဖြစ် ၉ ပွဲ ပါဝင်ကစားခဲ့ပြီးနောက် ၂၀၁၄ ခုနှစ် ဇန်နဝါရီတွင် ဝုဖ်ဘတ်သို့ ယူရို သန်း ၂၀ ဖြင့် အပြီးသတ် ပြောင်းရွှေ့သွားခဲ့သည်။ ထို့နောက် အဆိုပါ ဘယ်လ်ဂျီယံ လက်ရွေးစင် ကစားသမားကို အသင်းဟောင်း ချယ်ဆီးက အနီးကပ် စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း အာလော့ဖ်က ဆိုခဲ့သည်။


“ချယ်ဆီးက ခြေစွမ်းတိုးတက်လာတဲ့ ကီဗင်ကို စောင့်ကြည့်နေပါတယ်။ သူတို့စောင့်ကြည့်နေတာကို အတည်ပြုနိုင်ခဲ့ပါပြီ။ သူတို့က ကီဗင်ကို ဆန္ဒမရှိဘဲ ရောင်းချခဲ့တာပါ” ဟု အာလော့ဖ်က ပြောကြားခဲ့သည်။ လက်ရှိတွင် ဝုဖ်ဘတ်သည် ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားတွင် ဘိုင်ယန်မြူးနစ်၏နောက် ၈ မှတ်အကွာ ဒုတိယနေရာတွင် ရပ်တည်လျက်ရှိပြီး အသင်းအနေဖြင့် လာမည့်နှစ် ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် မရရှိခဲ့ပါက ဒီဘရွန်းကို လက်လွှတ်ရနိုင်ကြောင်း အာလော့ဖ်က ဆိုခဲ့သည်။


“တကယ်လို့ ကျွန်တော်တို့အသင်းက ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ရင် ကီဗင်အနေနဲ့ အသင်းက ထွက်ခွာသွားပါလိမ့်မယ်။ အခြားအသင်းတွေက ဒီလိုအခြေအနေကို စောင့်နေကြတာပါ” ဟု ဝုဖ်ဘတ် အထွေထွေမန်နေဂျာက ပြောကြားခဲ့သည်။

Soccer Myanmar

No comments:

Post a Comment