အီတလီမှ ထွက်ခွာရန် စဉ်းစားခဲ့ဖူးခြင်း မရှိကြောင်း ကွန်တီ ဖွင့်ဟ
အီတလီနည်းပြ ရာထူးမှ နှုတ်ထွက်ရန် တစ်ကြိမ်တစ်ခါမှ မစဉ်းစားခဲ့ဖူးကြောင်းနှင့် လက်ရှိရာထူးမှ မည်သည့်အခါမှ နှုတ်ထွက်မည် မဟုတ်ကြောင်း အန်တိုနီယို ကွန်တီက ပြောကြားလိုက်သည်။
ဂျူဗင်တပ်စ် နည်းပြဟောင်းသည် စီးရီအေအသင်းအချို့၏ ကစားသမားများ စေလွှတ်ရန် ငြင်းဆိုမှုကြောင့် အီတလီနည်းပြ ရာထူးမှ နှုတ်ထွက်ရန် အသင့်ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။ သို့သော်လည်း ကွန်တီက အဆိုပါ သတင်းဖော်ပြမှုများကို ငြင်းဆိုခဲ့ပြီး မိမိအနေဖြင့် နိုင်ငံအသင်း နည်းပြအဖြစ် တာဝန်ယူရခြင်းအတွက် ဂုဏ်ယူမိကြောင်း ဖွင့်ဟခဲ့သည်။
“အီတလီ နည်းပြအဖြစ်ကနေ နှုတ်ထွက်ဖို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးပါဘူး။ နှုတ်ထွက်ဖို့ အစီအစဉ်လည်း မရှိပါဘူး။ ကျွန်တော်က ငယ်စဉ်ကတည်းက စီးရီးအေမှာ ကစားပြီး နိုင်ငံအသင်းမှာ ပါဝင်ကစားဖို့အတွက် အိပ်မက်မက်ခဲ့တာပါ။ အဲ့ဒီအတိုင်း ကျွန်တော် လုပ်ဆောင်နိုင်ခဲ့သလို အခုဆိုရင် နိုင်ငံအသင်းနည်းပြတာဝန်ကို ကျွန်တော်ယူထားနိုင်ပါပြီ။ အဲ့ဒီအတွက် ဂုဏ်ယူမိပါတယ်။ အီတလီနည်းပြ တာဝန်ယူရတဲ့အတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ အခုအချိန်မှာ နိုင်ငံအသင်းနဲ့ အောင်မြင်မှုရဖို့အတွက် ရည်ရွယ်ထားပါတယ်” ဟု ကွန်တီက ပြောကြားခဲ့သည်။
ကွန်တီသည် ဂျူဗင်တပ်စ်နှင့်အတူ စီးရီးအေချန်ပီယံဆုကို သုံးကြိမ်ဆက် ရယူခဲ့ပြီးနောက် ဇူလိုင်လတွင် နည်းပြရာထူးမှ နှုတ်ထွက်ခဲ့ပြီး တစ်လအကြာတွင် အီတလီနည်းပြရာထူးကို ရယူခဲ့သည်။ ၎င်းသည် အီတလီနည်းပြရာထူး ရယူခဲ့ပြီးနောက် ၄ ပွဲကစား ၃ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ကို ရယူနိုင်ခဲ့သည်။
Soccer Myanmar
No comments:
Post a Comment