Pages

Saturday, February 14, 2015

စတာလင်ကို သက်တမ်းတိုး စာချုပ်နိုင်မည်ဟု လီဗာပူးလ် ဥက္ကဋ္ဌ ပြောကြား



စတာလင်ကို သက်တမ်းတိုး စာချုပ်နိုင်မည်ဟု လီဗာပူးလ် ဥက္ကဋ္ဌ ပြောကြား

ရာဟင်မ် စတာလင်ကို အသင်းအနေဖြင့် သေချာပေါက် သက်တမ်းတိုး စာချုပ်နိုင်လိမ့်မည်ဟု လီဗာပူးလ် ဥက္ကဋ္ဌ တွမ်ဝါနာက ပြောကြားခဲ့သည်။


အမေရိကန် လုပ်ငန်းရှင် သူဌေး ဝါနာသည် လီဗာပူးလ်က တော့တင်ဟမ် ဟော့စပါးကို (၃-၂)ဖြင့် အနိုင်ရသည့် ပွဲစဉ်ကို အန်းဖီးလ်၌ လာရောက် ကြည့်ရှုခဲ့သည်။ လီဗာပူးလ်သည် ယခုရာသီ အသင်းအတွက် ထက်ထက်မြက်မြက် ခြေစွမ်းပြနေသည့် လူငယ် တောင်ပံတိုက်စစ်သမား စတာလင်ကို စာချုပ်သက်တမ်းတိုးရန် ကြိုးစားနေသော်လည်း အောင်မြင်မှု မရသေးဘဲ ကြန့်ကြာနေသည်။ သို့သော်လည်း ဝါနာကမူ အင်္ဂလန် လက်ရွေးစင် ကစားသမား အနေဖြင့် အန်းဖီးလ်တွင် နှစ်ရှည်စာချုပ်တစ်ရပ် လက်မှတ်ရေးထိုးဖြစ်မည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။


အဆိုပါ အခြေအနေက လီဗာပူးလ် အနေဖြင့် စတာလင်ကို လုပ်ခလစာ အမြောက်အမြားဖြင့် စာချုပ်တစ်ရပ် ကမ်းလှမ်းမည်ဆိုသော သတင်းများကို ပိုမို ခိုင်မာလာစေသည်။ ဝါနာက “ကျွန်တော် ပြောနိုင်တာက အပြီးသတ် သဘောတူညီမှု တစ်ခုရဖို့ ကျွန်တော်တို့ အခိုင်အမာ မျှော်လင့်ထားတယ် ဆိုတာပါပဲ။ စတာလင်ဟာ ထူးချွန်ထက်မြက်လွန်းတဲ့ ကစားသမား တစ်ယောက်ပါ။ အသင်းမန်နေဂျာ ဘရန်ဒန် ရော့ဂျာရော၊ အမှုဆောင်ချုပ် အီယန်အိုင်ရီပါ ဒီကိစ္စမှာ ထဲထဲဝင်ဝင် ဆွေးနွေးနေပါတယ်။ ရော့ဂျာက စတာလင်ကို ဒီအကြောင်း ပြောထားပါပြီ။ စတာလင်ဘက်က သူ့အတွက်ရော၊ အသင်းအတွက်ပါ အပေါင်းလက္ခဏာဆန်တဲ့ ရလဒ်တစ်ခုနဲ့ တုံ့ပြန်လာမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”ဟု Liverpool Echoသို့ ပြောကြားခဲ့သည်။


၎င်းက “ကျွန်တော်တို့ အနေနဲ့ ဒီကိစ္စအတွက် ယုံကြည်မှု အပြည့်ရှိတယ် ဆိုတာကို ပြောပါရစေ။ ပါဝင်ဆွေးနွေးတဲ့သူ အားလုံးက နောက်ဆုံး သဘောတူညီမှုတစ်ရပ် ရရှိလာမယ်လို့ ကျွန်တော် အလေးအနက် ယုံကြည်ပါတယ်”ဟုလည်း မှတ်ချက်ပြုသွားသည်။

Soccer Myanmar

No comments:

Post a Comment