FAဖလား ပွဲစဉ်တွင် ဂါဘရီရယ်လ် အာဆင်နယ်အတွက် ပွဲထွက်လာဖွယ်ရှိဟု ဝင်းဂါးဆို
FAဖလား ပွဲစဉ်တွင် လူသစ် ဂါဘရီရယ်လ် ပေါ်လစ္စတာကို ပွဲထုတ် အသုံးပြုနိုင်ခြေ ရှိနေကြောင်း အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးက အရိပ်အမြွက် ပြောကြားလိုက်သည်။
ဝင်းဂါးသည် ခံစစ်အားဖြည့်ရန် ရည်ရွယ်ချက်အတွက် ဘရာဇီးလ် နောက်ခံလူ ဂါဘရီရယ်လ်ကို ဆောင်းရာသီ ဈေးကွက်ကာလအတွင်း ဗီလာရီးယဲလ်ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ မစ်ဒယ်ဘရော့နှင့် ကစားမည့် FAဖလား ပွဲစဉ်တွင် ဂါဘရီရယ်လ် အသင်းအတွက် စတင်ကစားဖွယ် ရှိနေကြောင်း ဝင်းဂါးက ဝန်ခံခဲ့သော်လည်း အေရွန်ရမ်ဆေးနှင့် အလက်ဆစ် ဆန်းချက်ဇ်တို့တွင် ဒဏ်ရာများ ရှိနေဆဲဟု ဆိုသည်။ ရမ်ဆေးတွင် တံကောက်ကြော ပြဿနာ ရှိနေသလို ဆန်းချက်ဇ်သည်လည်း ဒူးဒဏ်ရာ အကင်းမသေသေးသဖြင့် ယခုသီတင်းပတ်ကုန် ပွဲစဉ်တွင် ပါဝင်နိုင်ဖွယ် မရှိဟု ပြင်သစ်သား မန်နေဂျာကြီးက ဝန်ခံခဲ့သည်။
ဝင်းဂါးက “ဂါဘရီရယ်လ်က အသင်းနဲ့အတူ စတင်ပွဲထွက်ဖို့ အရမ်းနီးစပ်နေပါပြီ။ သူ့မှာ အရည်အသွေး၊ မြန်နှုန်းတွေ အားလုံးကောင်းတယ်။ ပြီးတော့ လေထဲမှာ ကစားပုံ ထူးချွန်တယ်။ မစ်ဒယ်ဘရော့နဲ့ ပွဲစဉ်မှာ ကစားသမားတချို့ ပါဝင်နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့လည်း အခုပွဲကို ပရီးမီးယားလိဂ် ပွဲစဉ်တစ်ရပ်လို သဘောထားပြီး ကျွန်တော်တို့ ကစားပါမယ်။ ပြီးတော့ ဂိုးသမား ဝေါ့ဆစ်ခ်ျ ဆက်ဇနီ ပြန်ကစားမယ်။ သူက လုံးဝဥဿုံ အသင့်ဖြစ်နေပြီ။ ပြီးတော့ ဝင်ကစားဖို့လည်း အာရုံစိုက်ထားတယ်”ဟု ဆိုသည်။
၎င်းက ရမ်ဆေး၏ ဒဏ်ရာသည် မိမိတို့အတွက် နားလည်ရ ခက်စေကြောင်း ဝန်ခံခဲ့သည်။ “အကြောင်းရင်းကို ကျွန်တော်တို့ ရှာမတွေ့သေးဘူး။ ဆေးဘက်ဆိုင်ရာ နယ်ပယ်က ဒီဒဏ်ရာအတွက် တွေးရခက်နေတာပါ။ ရမ်ဆေးဟာ တကယ့်ကို ကြိုးစားတဲ့ ကစားသမား တစ်ယောက်ပါ။ သူ့ရဲ့ ကြွက်သားဒဏ်ရာနဲ့ ပတ်သက်ပြီး တိတိကျကျ အကြောင်းပြချက် မတွေ့သေးလို့သာ ခက်နေတာပါ။ လောလောဆယ် ကျွန်တော်တို့ တစ်ဦးချင်း တိုးတက်မှုတွေအတွက် လေ့ကျင့်ခန်း အစီအစဉ်တွေကို အာရုံစိုက်နေပါတယ်။ တခြား အနုတ်လက္ခဏာဆောင်တဲ့ သီးခြား ကိစ္စတွေတော့ မရှိလောက်ဘူး ထင်ပါတယ်”ဟုလည်း ဝင်းဂါးက မှတ်ချက်ပြုသွားသည်။
Soccer Myanmar
No comments:
Post a Comment