Pages
▼
Monday, February 2, 2015
ယူနိုက်တက်မှ အငှားခေါ်ထားသည့် ဇာဟာကို အပြီးသတ် ဝယ်ယူရန် ပဲလေ့စ် သဘောတူညီမှု ရရှိ
ခရစ္စတယ်လ် ပဲလေ့စ်အသင်းသည် လက်ရှိ အငှားခေါ်ယူထားသည့် တောင်ပံတိုက်စစ်သမား ဝီလ်ဖရိုက်ဒ် ဇာဟာကို အပြီးသတ် ဝယ်ယူရန် ဆွေးနွေးခွင့် ရရှိသွားပြီဟု သိရသည်။
မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်သည် အင်္ဂလန် လူငယ်ခြေတက် ကစားသမားလေး ဇာဟာကို အပြီးသတ် ရောင်းထုတ်ရန် ခွင့်ပြုပေးခဲ့သည့်နောက် ပဲလေ့စ်က ယင်းအတွက် ဆွေးနွေးသွားမည်ဟု Goal.comက ဖော်ပြခဲ့သည်။ ဇာဟာသည် ယူနိုက်တက် ကစားသမား ဘဝတွင် (၂)ပွဲသာ ကစားခဲ့ရသည့်နောက် နွေရာသီတွင် အသင်းဟောင်း ပဲလေ့စ်သို့ တစ်ကျော့ပြန် ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် ပဲလေ့စ်တွင်မူ ပရီးမီးယားလိဂ်၌ (၁၆)ပွဲထိ ကစားခွင့် ရရှိထားသည်။
ဇာဟာနှင့် ပဲလေ့စ် တစ်ကျော့ပြန် စာချုပ်မှု ကိစ္စသည် အပြီးသတ် ဆွေးနွေးသည့် အဆင့်သို့ ရောက်ရှိနေပြီး တနင်္လာနေ့တွင် အပြီးသတ် ကြေညာချက်တစ်စောင် ထုတ်ပြန်ဖွယ် ရှိနေသည်။ ယူနိုက်တက်သည် အသင်းကို ပုံစံပြောင်း ဖွဲ့စည်းရန် စီစဉ်နေခြင်းကြောင့် အသက်(၂၂)နှစ်အရွယ် ကစားသမားကို ရောင်းထုတ်သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ဇာဟာသည် ယူနိုက်တက် မန်နေဂျာဟောင်း ဆာအဲလက်စ် ဖာဂူဆန်လက်ထက်က နောက်ဆုံး ခေါ်ယူခဲ့သည့် ကစားသမား ဖြစ်သော်လည်း ဒေးဗစ်မိုယက်စ်နှင့် ဗန်ဂါးလ်တို့၏ စိတ်ကြိုက် အခြေအနေမျိုးမူ ဖြစ်မလာခဲ့ချေ။
ယူနိုက်တက်တွင် အက်ဒ်နန်ယာနူဇက်ဂ်ျ၊ အန်တိုနီယို ဗလန်စီယာနှင့် အက်ရှ်လေယန်းတို့ကဲ့သို့ တောင်ပံကစားသမားများ ရှိနေသည့်အပြင် ဟွမ်မာတာနှင့် အိန်ဂျယ်လ် ဒီမာရီယာတို့ကိုပါ ထပ်မံအားဖြည့် ဝယ်ယူခဲ့ခြင်းကြောင့် ဇာဟာအနေဖြင့် အိုးလ်ထရက်ဖို့ဒ်တွင် ပွဲထွက်နေရာ ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။
Soccer Myanmar
No comments:
Post a Comment