Pages
▼
Thursday, March 5, 2015
အပြန်အလှန် တံတွေးဖြင့် ထွေးခဲ့ကြောင်း စွပ်စွဲမှုများအတွက် အီဗန်စ်နှင့် ဆစ်ဆေးတို့ ဖြေရှင်းရဖွယ်ရှိ
အပြန်အလှန် တံတွေးဖြင့် ထွေးခဲ့ကြောင်း စွပ်စွဲမှုများအတွက် အီဗန်စ်နှင့် ဆစ်ဆေးတို့ ဖြေရှင်းရဖွယ်ရှိ
အပြန်အလှန် တံတွေးဖြင့် ထွေးခဲ့ကြကြောင်း စွပ်စွဲမှုများအတွက် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ ဂျွန်နီအီဗန်စ်နှင့် နယူးကာဆယ်လ် ယူနိုက်တက် တိုက်စစ်မှူး ပက်ပစ်ဆစ်ဆေးတို့ကို FAက စုံစမ်းစစ်ဆေးသွားဖွယ် ရှိနေကြောင်း သိရသည်။
စိန့်ဂျိမ်းစ်ပါ့ခ်တွင် ဧည့်သည် ယူနိုက်တက်က (၁-၀)ဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်၌ အီဗန်စ်နှင့် ဆစ်ဆေးတို့သည် ပထမပိုင်း မပြီးခင် (၅)မိနစ်ခန့်တွင် အခြေအတင် ဖြစ်ခဲ့ကြသည်။ အီဗန်စ်သည် ဆစ်ဆေးကို တံတွေးဖြင့် ထွေးခဲ့သည်ဟု ယူဆရပြီး ဆီနီဂေါ လက်ရွေးစင်ကလည်း မြက်ခင်းပေါ် လဲနေရာမှ ပြန်ထကာ အီဗန်စ်ကို တံတွေးဖြင့် ထွေးခဲ့သည်ဟု ဗီဒီယို အနှေးပြကွက် မှတ်တမ်းများတွင် တွေ့မြင်ရသည်။ အဆိုပါ ဖြစ်ရပ်ကို နှစ်ဖက်အသင်း မန်နေဂျာများရော၊ ကွင်းလယ်ဒိုင် အန်သိုနီတေလာပါ တွေ့မြင်ခဲ့ခြင်း မရှိချေ။
ဒိုင်လူကြီး တေလာ၏ နောက်ကျောဘက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အခြေအနေအရ FAသည် ယင်းဖြစ်ရပ်ကို ဗီဒီယို မှတ်တမ်းဖြင့် စစ်ဆေးသွားခွင့် ရှိနေသည်။ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်ကမူ အီဗန်စ် အနေဖြင့် ထိုကဲ့သို့ လုပ်ရပ်မျိုး ပြုမူမည်ဟု မထင်ကြောင်း ဆိုသည်။ “မတွေးတတ်ဘူး။ နည်းပြခုံတန်းကနေဆိုရင် အဲဒီကို မြင်ရဖို့က အရမ်းဝေးနေတယ်လေ။ ဒီတော့ ကျွန်တော်လည်း ဘာက အမှန်ဆိုတာ မဆုံးဖြတ်ဘူး။ ဒါပေမဲ့ အီဗန်စ်က ဒီလိုလုပ်မယ်လို့တော့ မထင်ပါဘူး။ သူဟာ အရမ်းရိုးရှင်းတဲ့ လူတစ်ယောက်ပါ။ ဒါမျိုး မလုပ်လောက်ပါဘူး”ဟု ဗန်ဂါးလ်က မှတ်ချက်ပြုခဲ့သည်။
နယူးကာဆယ်လ် မန်နေဂျာ ဂျွန်ကာဗာကလည်း “ကျွန်တော် အဲဒီဖြစ်ရပ်ကို မမြင်လိုက်ဘူး။ ကွင်းလယ်စည်းနားမှာ သူတို့နှစ်ယောက် ရုတ်ရုတ်သဲသဲ ဖြစ်နေတာလောက်ပဲ တွေ့လိုက်တယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် အလေးထား ပြန်စစ်ဆေးသွားပါမယ်”ဟု ပြောကြားသွားသည်။
Soccer Myanmar
No comments:
Post a Comment