Pages
▼
Wednesday, March 4, 2015
ကိုကွီလင်၏ ခြေစွမ်း ထက်မြက်လာမှုအတွက် အံ့ဩမိကြောင်း ဝင်းဂါးဝန်ခံ
ကိုကွီလင်၏ ခြေစွမ်း ထက်မြက်လာမှုအတွက် အံ့ဩမိကြောင်း ဝင်းဂါးဝန်ခံ
အာဆင်နယ် အသင်းနှင့်အတူ ဖရန်ဆစ် ကိုကွီလင်၏ခြေစွမ်း ထူးထူးခြားခြား တောက်ပလာခြင်းအတွက် အံ့ဩမိကြောင်း မန်နေဂျာ အာစင်ဝင်းဂါးက ဝန်ခံ ပြောကြားခဲ့သည်။
ကိုကွီလင်သည် ချာလ်တန်တွင် အငှားထွက်ကစားနေသော်လည်း အာဆင်နယ်၏ ဒဏ်ရာ ပြဿနာများကြောင့် အသင်းသို့ ဇန်နဝါရီလအတွင်း ပြန်ရောက်လာခဲ့သည်။ ထိုအချိန်မှစ၍ ကိုကွီလင်သည် အာဆင်နယ် ပထမအသင်းတွင် တည်တည်ငြိမ်ငြိမ် ခြေစွမ်းပြ ကစားနေပြီး အကောင်းဆုံး စွမ်းဆောင်ရည်များ ပြသလျက် ရှိသည်။ ဝင်းဂါးက မိမိသည် ပြင်သစ် ကွင်းလယ်ကစားသမားကို ရာသီကုန်တွင် အသင်းမှ အလွတ်ထွက်ခွာခွင့် ပေးရန်ပင် စဉ်းစားထားခဲ့ပြီး ၎င်း၏ ရုတ်တရက် ပြောင်းလဲသွားမှုကို မယုံနိုင် ဖြစ်မိကြောင်း ဆိုသည်။ ကိုကွီလင်သည် ယခုအခါ အာဆင်နယ်နှင့်အတူ စာချုပ်သက်တမ်း တိုးမြှင့် ချုပ်ဆိုထားပြီ ဖြစ်သည်။
“ကိုကွီလင်ကတော့ လူတိုင်းကို အံ့ဩသွားစေတာပါ။ ရာသီအစမှာတုန်းက ကျွန်တော် သူ့ကို ပြောခဲ့တယ်။ ခရစ္စမတ်လောက် ရောက်တဲ့ထိ ရှိသမျှ ခြေစွမ်း အကုန်ပုံအောပြီး ကစားဖို့ပါ။ ကျွန်တော်တို့ သူ့ကို စောင့်ကြည့်နေခဲ့တယ်။ ဒါပေမဲ့ ခရစ္စမတ် မတိုင်ခင် အချိန်ထိ ကိုကွီလင်ဟာ တကယ်တမ်း ကောင်းကောင်း ကစားပြခွင့် မရခဲ့ဘူးလို့ ကျွန်တော် ထင်တယ်။ သူ့စာချုပ်ကလည်း သက်တမ်း(၆)လပဲ ကျန်တော့တယ်။ ဒီတော့ ရာသီကုန်ရင် သူ့ကို အသင်းကနေ ထွက်ခွင့် ပေးဖို့တောင် ကျွန်တော် တွေးထားတယ်။ အသင်းမှာ (၆)လလောက်ပဲ ဆက်နေပြီး ချာတိတ်ကို ထွက်ခွင့် ပေးလိုက်မယ် ဆိုတာမျိုးပေါ့”ဟု ဝင်းဂါးက ဆိုသည်။
အာဆင်နယ်တွင် ကွင်းလယ်မဏ္ဍိုင် ကစားသမား နှစ်ဦးဖြစ်သည့် မစ်ကယ်အာတီတာနှင့် မက်သရူး ဖလာမီနီတို့သည် ဒဏ်ရာပြဿနာများနှင့် ပုံစံကောင်း ပျောက်ဆုံးမှုများကြောင့် ရုန်းကန်နေရချိန်တွင် ကိုကွီလင်က အဆိုပါ ယိုပေါက်ကို အကောင်းဆုံး ဖြည့်ဆည်းလာခြင်း ဖြစ်သည်။ အသက်(၂၃)နှစ်ရှိ ကစားသမားသည် ချာလ်တန်တွင် ပျော်ရွှင်လျက်ရှိရာ ဝင်းဂါးက ပြန်ခေါ်ချိန်တွင် မပျော်ပိုက်ဘဲ ရှိခဲ့ကြောင်းလည်း သိရသည်။ ပြင်သစ်သား မန်နေဂျာကြီးက “အငှားချထားရာက သူ့ကို ကျွန်တော် ပြန်ခေါ်လိုက်တော့ ကိုကွီလင် မပျော်ပါဘူး။ သူ့စိတ်ထဲမှာ ကျွန်တော်က သူ့ကို အဓိက ကစားသမားတွေရဲ့ အရန်နေရာအတွက်ပဲ ရည်ရွယ်တယ်လို့ တွေးခဲ့ပုံပါ”ဟု မှတ်ချက်ပြုခဲ့သည်။
ကိုကွီလင်သည် ယခုအခါ အာဆင်နယ်၏ အရေးအပါဆုံး ကစားသမား တစ်ဦးအဖြစ် ရည်တည်နိုင်ပြီ ဖြစ်သလို (၂၀၁၈)ထိ သက်တမ်းရှိသည့် စာချုပ်ကိုလည်း အသင်းနှင့်အတူ သဘောတူ လက်မှတ်ရေးထိုးထားပြီး ဖြစ်သည်။
Soccer Myanmar
No comments:
Post a Comment