ရုပ်ရည် မလှပသဖြင့် ဒီမာရီယာကို ရီးယဲလ် ရောင်းထုတ်ခဲ့ခြင်းဟု ဘာစီလိုနာ နည်းပြဟောင်း ဝေဖန်
အိန်ဂျယ်လ် ဒီမာရီယာကို ရီးယဲလ်မက်ဒရစ်က ရောင်းထုတ်လိုက်ခြင်းသည် ခြေစွမ်း အားနည်းချက်ကြောင့် မဟုတ်ဘဲ ရုပ်ရည် မလှပမှုကြောင့်သာ ဖြစ်ကြောင်း ဘာစီလိုနာ နည်းပြဟောင်း ကားလက်စ် ရီဆက်ခ်ျက ဝေဖန် ပြောကြားလိုက်သည်။
အာဂျင်တီးနား လက်ရွေးစင် တောင်ပံတိုက်စစ်သမားသည် နွေရာသီ ဈေးကွက် နှောင်းပိုင်းတွင် ပေါင်စတာလင် သန်း(၆၀) ဝန်းကျင်ဖြင့် မန်ချက်စတာ ယူနိုက်တက်သို့ ရောက်ရှိလာခဲ့သည်။ ဒီမာရီယာသည် ယမန်နှစ် ဘောလုံးရာသီက နည်းပြ ကာလိုအန်ဆလော့တီ၏အသင်း ဥရောပ ချန်ပီယံလိဂ် ဆုဖလား ဆွတ်ခူးနိုင်အောင် အဓိက ပံ့ပိုး ကူညီခဲ့သော်လည်း ယခုကဲ့သို့ ရောင်းထုတ် ခံရခြင်း ဖြစ်သည်။ ရီဆက်ခ်ျက ရီးယဲလ်၏ ပုံရိပ်အားပြု မူဝါဒကြောင့် ခြေစွမ်းကောင်းမွန်သည့်တိုင် ရုပ်ဆိုးသည့် ဒီမာရီယာကဲသို့ ကစားသမားမျိုး စတေးခံရခြင်းဟု မှတ်ချက်ပြုခဲ့သည်။
ရီဆက်ခ်ျက “ရီးယဲလ်ဥက္ကဋ္ဌ ဖလော်ရင်တီနို ပီရက်ဇ်ဟာ ကမ္ဘာ့ဈေးကွက် အနေအထားကို အလေးထားပြီး ကြည့်တတ်တဲ့ သူမျိုးပါ။ သူဟာ လူတိုင်းလေးစားရတဲ့ ကြယ်စင်စု အသင်းမျိုးကို တည်ဆောက်ချင်တယ်။ ကျွန်တော် ဘာဆိုလိုချင်တယ် ဆိုတာကို သိမှာပါ”ဟု Regio7သို့ ပြောကြားခဲ့သည်။ ၎င်းက “ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အသင်းရဲ့ ပုံရိပ်ကို ကိုယ်စားပြုတဲ့ ကစားသမားမျိုးပဲ။ ပီရက်ဇ်ဟာ နိုင်ငံတကာအဆင့် အမှတ်တံဆိပ် တစ်ခုကို ရောင်းထတ်ုနေတာပါ။ နည်းပြ ဗင်းဆင့်ဒယ်လ်ဘော့စကေး၊ ပြီးတော့ ဒီမာရီယာလို ကစားသမားမျိုးတွေဟာ ရီးယဲလ်အတွက် ရုပ်ဆိုးလွန်းတယ်။ သူတို့ဟာ တိုနီခရူးစ်၊ ဟာမက်စ် ရိုဒရီဂွတ်ဇ်တို့လို အသွင်အပြင်မျိုး မရှိကြဘူးလေ”ဟုလည်း ထောက်ပြခဲ့သည်။
ဒီမာရီယာသည် ယူနိုက်တက်တွင် အမြင့်ဆုံး စွမ်းဆောင်ရည်မျိုး မပြသနိုင်ဘဲ ရုန်းကန်နေရပြီး ဆန်းဒါးလန်းကို (၂-၀)ဖြင့် အနိုင်ရသည့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ပွဲချိန် (၄၅)မိနစ်သာ ကစားရပြီး လူစားလဲခံခဲ့ရသည်။
Soccer Myanmar
No comments:
Post a Comment