Pages
▼
Wednesday, March 4, 2015
ဒီမာရီယာကို အချိန်ပေးရန် ယူနိုက်တက် ပရိသတ်များကို ဗန်ဂါးလ် တောင်းဆို
ဒီမာရီယာကို အချိန်ပေးရန် ယူနိုက်တက် ပရိသတ်များကို ဗန်ဂါးလ် တောင်းဆို
အိန်ဂျယ်လ် ဒီမာရီယာ အနေဖြင့် လာမည့်ရာသီတွင် အမြင့်ဆုံး ခြေစွမ်းမျိုး ပြန်လည်ရရှိလာနိုင်ကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က မှတ်ချက်ပြု ပြောဆိုလိုက်သည်။
နွေရာသီ ဈေးကွက်အတွင်း ဗြိတိသျှ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၆၀)ဖြင့် ရီးယဲလ်မက်ဒရစ်ထံမှ ခေါ်ယူခဲ့သည့် အာဂျင်တီးနား တောင်ပံကစားသမားသည် လတ်တလောတွင် အကောင်းဆုံး အရည်အသွေးမျိုး မရရှိဘဲ ရုန်းကန်နေရသည်။ ဒီမာရီယာသည် ယူနိုက်တက် ကစားသမားဘဝ အစောပိုင်းတွင် အကောင်းဆုံး စွမ်းဆောင် ရည်မျိုး ပြသခဲ့သော်လည်း နောက်ပိုင်း တွင် ခြေစွမ်းကျလာကာ အောက်တိုဘာလ၊ ပထမအပတ်နောက်ပိုင်း ပရီးမီးယားလိဂ်တွင် တစ်ဂိုးမျှ မသွင်းနိုင်တော့ချေ။ စနေနေ့က ဆန်းဒါးလန်းနှင့် ကစားသည့် ပွဲစဉ်တွင်မူ ၎င်း၏ ကစားပုံ အားနည်းချက်များကြောင့် ပထမပိုင်း အပြီးတွင်ပင် ဗန်ဂါးလ်က လူစားလဲထုတ်ပစ်ခဲ့သည်။
ဗန်ဂါးလ်က အသက်(၂၇)နှစ်ရှိ ဒီမာရီယာသည် အင်္ဂလန်တွင် အထိုင်ကျရန် ရုန်းကန်နေရဆဲဖြစ်ပြီး ၎င်းကို အချိန်ပေးရန် ပရိသတ်များကို တိုက်တွန်းခဲ့သည်။ “ပထမဆုံး ရာသီကတော့ အမြဲတမ်းလိုလို အခက်အခဲတွေ ကြုံရတတ်တာပါပဲ။ လုခ်ရှော၊ ဒါလေဘလင်း၊ အန်ဒါဟာရဲရာ၊ ရာဒါမယ် ဖယ်လ်ကာအိုတို့အပြင် အခု ဒီမာရီယာပေါ့။ ကျွန်တော်ကတော့ ဒါကို သိပ်ပြီး မအံ့ဩပါဘူး။ တကယ်လို့ အသင်းမှာ ဒီမာရီယာက မြန်မြန်ဆန်ဆန် အထိုင်ကျပြီး ခြေစွမ်းတွေ အရမ်းပြနေမယ် ဆိုတာကမှ တကယ့် အံ့ဩစရာ ဖြစ်မှာပါ။ နယ်သာလန်၊ စပိန်နဲ့ ဂျာမနီတို့မှာလည်း ဒီလို အနေအထားမျိုးတွေ ကျွန်တော် ကြုံပြီးပါပြီ။ ကစားသမားတွေကို အချိန်ပေးဖို့ လိုပါတယ်။ သူ့ကို ကျွန်တော်တို့ အချိန်ပေးရပါမယ်။ သူတင် မကဘူး။ တခြားကစားသမားသစ်တွေ အားလုံးအတွက် အချိန်လိုပါတယ်”ဟု ဗန်ဂါးလ်က ဆိုသည်။
၎င်းက “ကစားသမားတစ်ယောက်ရဲ့ စွမ်းဆောင်ရည် ကောင်းမွန်လာဖို့ အချိန်လိုအပ်ချက်က ကွဲပြားနိုင်ပါတယ်။ အင်္ဂလန်မှာက ပွဲအနေအထားတွေက ခက်ခဲတဲ့ အပိုင်းတွေ ရှိတယ်။ ပြီးတော့ ဓလေ့ထုံးစံလည်း ခြားနားသွားတယ်လေ”ဟုလည်း မှတ်ချက်ပြုသွားသည်။
Soccer Myanmar
No comments:
Post a Comment