Pages
▼
Wednesday, March 4, 2015
ရာသီကုန်တွင် မန်ချက်စတာ စီးတီး၏ အထက်၌ လီဗာပူးလ် ရပ်တည်နိုင်လိမ့်မည်ဟု ဟန်ဒါဆန် ပြောကြား
ရာသီကုန်တွင် မန်ချက်စတာ စီးတီး၏ အထက်၌ လီဗာပူးလ် ရပ်တည်နိုင်လိမ့်မည်ဟု ဟန်ဒါဆန် ပြောကြား
လီဗာပူးလ် အနေဖြင့် ရာသီကုန်တွင် မန်ချက်စတာစီးတီးကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာ ရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ဂျော်ဒန်ဟန်ဒါဆန်က ပြောကြားလိုက်သည်။
အင်္ဂလန် လက်ရွေးစင် ကစားသမားသည် တနင်္ဂနွေနေ့က လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးကို ၂-၁ ဂိုးဖြင့် အနိုင် ရရှိခဲ့သည့် ပွဲတွင် လီဗာပူးလ်အတွက် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့သူ ဖြစ်သည်။ အဆိုပါ နိုင်ပွဲကြောင့် လီဗာပူးလ်သည် မန်ချက်စတာစီးတီးနှင့် ၇ မှတ်အကွာ အဆင့် ၅ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။
လီဗာပူးလ်သည် ဘာကလေ ပရီးမီးယားလိဂ်တွင် ဒီဇင်ဘာလ ၁၄ ရက်၌ နောက်ဆုံးရှုံးနိမ့်ခဲ့ပြီး မန်စီးတီးနှင့် ၁၅ မှတ် ကွာဟခဲ့သည်။ ယခုအခါတွင် လီဗာပူးလ်သည် မန်စီးတီးနှင့် အမှတ်ကွာဟမှုကို ကျဉ်းမြောင်းနိုင်ခဲ့သည်။
ထို့နောက် လီဗာပူးလ် အနေဖြင့် မန်စီးတီးကို အမီလိုက်နိုင်သလားဟု မေးမြန်းမှုအပေါ် ဟန်ဒါဆန်က “မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ အရေးအကြီးဆုံးက အသင်းအနေနဲ့ အာရုံအပြည့်အဝစိုက်ပြီး အကောင်းဆုံး လုပ်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ လက်ကျန်ပွဲစဉ်တိုင်းကို အနိုင်ရရှိဖို့ ရည်မှန်းထားပါတယ်။ အဲ့ဒီလို လုပ်ဆောင်နိုင်မယ့် အရည်အသွေးလည်း အသင်းမှာရှိပါတယ်” ဟု ဟန်ဒါဆန်က ပြောကြားခဲ့သည်။
လီဗာပူးလ်သည် ဗုဒ္ဓဟူးနေ့တွင် ဘန်လေနှင့် ယှဉ်ပြိုင်ရမည် ဖြစ်ပြီး အဆိုပါပွဲတွင် ဒူးခေါင်းအရွတ်ဒဏ်ရာကြောင့် လေးပတ်ခန့် အနားယူရမည့် ဂျော်ဒန်အိုင်ဘီ ပါဝင်နိုင်မည် မဟုတ်သော်လည်း ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် ဒန်နီရယ် စတားရစ်ခ်ျ ပြန်လည်ပါဝင်လာဖွယ်ရှိသည်။
Soccer Myanmar
No comments:
Post a Comment