Pages
▼
Tuesday, March 3, 2015
ကလင်း၏ အနာဂတ်အတွက် ဆွေးနွေးသွားရန် ဆောက်သမ်တန် စီစဉ်
ကလင်း၏ အနာဂတ်အတွက် ဆွေးနွေးသွားရန် ဆောက်သမ်တန် စီစဉ်
နသန်နီရယ်လ် ကလင်း၏ အနာဂတ်နှင့် ပတ်သက်၍ ကစားသမားနှင့် ဆောက်သမ်တန်တို့ကြား ဆွေးနွေးမှု အစပြုသွားမည်ဟု သိရှိရသည်။
အင်္ဂလန် ညာတောင်ပံ ခံစစ်သမားသည် နွေရာသီတွင် စိန့်မေရီမှ ထွက်ခွာနိုင်ခြေရှိကြောင်း သတင်းကြီးနေပြီး အသင်းက ၎င်းကို ဆက်ထိန်းထားရန် လိုလားနေသည်။ အသက်(၂၃)နှစ်ရှိ ကလင်းကို မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ်က အလိုရှိနေပြီး တော့တင်ဟမ် ဟော့စပါးကလည်း စောင့်ကြည့်လျက် ရှိသည်။ ကလင်း၏ စာချုပ်သည် (၂၀၁၆)ခုနှစ်တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး လတ်တလောတွင် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးမှုများ မအောင်မြင်သေးဘဲ ကြန့်ကြာလျက် ရှိသည်။
ဆောက်သမ်တန် မန်နေဂျာ ရော်နယ်လ် ကိုးမန်းသည် ခရစ္စတယ်လ် ပဲလေ့စ်နှင့် ပွဲစဉ်အပြီးတွင် အနာဂတ်နှင့် ပတ်သက်ပြီး ကစားသမားနှင့် တိုက်ရိုက် ဆွေးနွေးသွားရန် ရည်ရွယ်ထားသည်။ “လောလောဆယ် ဆောက်သမ်တန် အမှုဆောင် ဒါရိုက်တာ လက်စ်ရိဒ်နဲ့ ကလင်းရဲ့ အေးဂျင့်တို့ကြား ဆွေးနွေးမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဟူးနေ့လောက်ဆို ဒီကိစ္စကို အသေအချာ ညှိနှိုင်းဖို့ အချိန်ကောင်း ဖြစ်လာမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ဘက်ကလည်း အနာဂတ်နဲ့ ပတ်သက်ပြီး ကလင်းရဲ့ ဆုံးဖြတ်ချက် ဘာဆိုတာ သိချင်ပါတယ်”ဟု ကိုးမန်းက ဆိုသည်။
၎င်းက “သူဆက်နေဖို့တော့ ကျွန်တော် မျှော်လင့်တယ်။ ဒါပေမဲ့ တခြားအသင်းတွေက သူ့ကို စိတ်ဝင်စားနေမှန်းလည်း ကျွန်တော် သဘောပေါက်ပါတယ်။ ဒါပေမဲ့ တကယ့် အလေးအနက် ချဉ်းကပ် ကမ်းလှမ်းလာမှုမျိုးတော့ မရှိသေးဘူး။ သူ့နေရာဟာ အစားထိုးဖို့ သိပ်ခက်တယ် ဆိုတာမျိုးတော့ ကျွန်တော် မထင်ပါဘူး။ တကယ်တမ်းဆို ဘယ်ခြမ်းခံစစ်မှာ လူရှာရတာ ပိုခက်ပါတယ်။ ဘာပဲဖြစ်ဖြစ်လေ၊ ညာခြမ်းမှာလည်း ကလင်းလို အဆင့်မျိုးနဲ့ တစ်ရာသီလုံး ကစားနိုင်တဲ့သူ လိုက်ရှာရတာ သိပ်တော့ မလွယ်လောက်ပါဘူး”ဟု မှတ်ချက်ပြုသွားသည်။
Soccer Myanmar
No comments:
Post a Comment