Pages
▼
Wednesday, March 11, 2015
ကော်စတာသည် ပြိုင်ဘက်များကို ဆွကစားတတ်သူ တစ်ဦးဟု PSGနည်းပြ ဘလန့်စွပ်စွဲ
ကော်စတာသည် ပြိုင်ဘက်များကို ဆွကစားတတ်သူ တစ်ဦးဟု PSGနည်းပြ ဘလန့်စွပ်စွဲ
ချယ်လ်ဆီး တိုက်စစ်မှူး ဒီယေဂို ကော်စတာသည် ပြိုင်ဘက်များကို ဆွကစားတတ်သူ တစ်ဦးဖြစ်ကြောင်း PSGနည်းပြ လောရင့်ဘလန့်က စွပ်စွဲ ပြောကြားလိုက်သည်။
အဆိုပါ နှစ်သင်းသည် ယနေ့ညတွင် ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်ကို စတမ်းဖို့ဒ်ဘရစ်ဂ်ျ၌ ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။ ဂိုးသွင်းစွမ်းရည် ထက်မြက်သော်လည်း အငြင်းပွားဖွယ် အခြေအနေများကို ဖြတ်သန်းခဲ့ရသည့် စပိန်လက်ရွေးစင် ကော်စတာသည် ကက်ပီတယ်လ်ဝမ်း ဖလားပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင်လည်း လီဗာပူးလ် ကွင်းလယ်လူ အမ်မရီကန်ကို တက်နင်းမှုဖြင့် (၃)ပွဲ အပယ်ခံခဲ့ရသေးသည်။ မန်ချက်စတာ ယူနိုက်တက် ခံစစ်မှူးဟောင်း ဘလန့်က ပထမအကျော့ ပြင်သစ်မြေတွင် သရေ ကျခဲ့စဉ်က ကော်စတာသည် ရည်ရွယ်ချက်ရှိရှိ ဆွကစားမှုမျိုး ပြုလုပ်ခဲ့ပြီး မိမိ၏ ခံစစ်သမားများ အနေဖြင့် ယင်းထောင်ချောက်ကို ရှောင်လွှဲရန် လိုအပ်ကြောင်း မှတ်ချက်ပြုခဲ့သည်။
ပွဲအကြို သတင်းစာ ရှင်းလင်းပွဲတွင် ဘလန့်က “ကော်စတာဟာ အရမ်းကောင်းတဲ့ ဘောလုံးသမား တစ်ယောက်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ သူလို ကစားသမားမျိုးဟာ ကိုယ်ပါဝင်နေတဲ့ အသင်းရဲ့ အရည်အသွေးကို ပြောင်းလဲနိုင်တယ်။ စိတ်ဓာတ်ပိုင်းကို ပြောင်းလဲနိုင်တယ်။ အင်္ဂလန် ပွဲစဉ်တွေနဲ့တော့ သူက သိပ်ကို ကိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိန်ခေါ်မှုတွေကို ထိပ်တိုက်တွေ့ရတာကို သူက သိပ်ကြိုက်လို့ပဲ။ ကော်စတာဟာ ပြိုင်ဘက် ကစားသမားတွေကို ရန်စလေ့ ရှိပါတယ်။ ဒါဟာ သူ့ကစားပုံရဲ့ အစိတ်အပိုင်း တစ်ရပ်ပါ။ ဒီလို လုပ်ရတာကို သူက ကျေနပ်သလို သူ့အတွက်လည်း လိုအပ်တယ်လို့ ကျွန်တော် ထင်တယ်။ အရေးအကြီးဆုံးက သူလိုချင်တဲ့ ဘောင်ထဲကို ကိုယ်က ဝင်မသွားဖို့ပဲ” ဟု ဆိုသည်။
၎င်းက “ကျွန်တော် တော့တင်ဟမ် ဟော့စပါးနဲ့ ချယ်လ်ဆီးတို့ ကစားတဲ့ လိဂ်ဖလား ဗိုလ်လုပွဲကို ကြည့်ခဲ့ပါတယ်။ ပထမဆုံး မိနစ်ကတည်းက သူဟာ တစ်ဖက်ခံစစ်သမားတွေကို ဆွကစားသွားတယ်။ သူ့ကို ဝန်းရံပိတ်ဆို့ဖို့ လိုအပ်တဲ့ ကစားသမားတိုင်းကို အနှောင့်အယှက် ပေးသွားတယ်။ ကော်စတာဟာ ကာယပိုင်း အရရော၊ နည်းဗျူဟာပိုင်း အရပါ သိပ်ကောင်းပါတယ်။ သူက ဂိုးတွေ သွင်းနိုင်တဲ့သူ တစ်ယောက်ပါ။ ကျွန်တော်တို့ အနေနဲ့ စိတ်အေးအေးထားပြီး သူ့ကို ရင်ဆိုင်ရပါမယ်။ ကျွန်တော်တို့က အဝေးကွင်းမှာ ကစားရမှာဖြစ်ပြီး ကော်စတာကို တားဖို့အတွက် ဖြစ်နိုင်သမျှ အားထုတ်သွားမှာပါ။ ဒီအခြေအနေဟာ စွန့်စားမှုတချို့ ဖြစ်လာနိုင်ပေမယ့် မလိုအပ်ဘဲ အမှားမဖြစ်အောင် အတတ်နိုင်ဆုံး ခေါင်းအေးအေးထားဖို့ လိုပါလိမ့်မယ်”ဟုလည်း ပြောကြားသွားသည်။
Soccer Myanmar
No comments:
Post a Comment